လက်ရှိအချိန်မှာ ထိုင်းလူထုရဲ့ အားကောင်းတဲ့ ဆန္ဒပြလှုပ်ရှားမှုတရပ်က အုပ်ချုပ်ရေးယန္တရားကို ခြိမ်းခြောက် နေတယ်။ ထိုင်းနိုင်ငံရဲ့ လူအဖွဲ့အစည်းကို အခြေခံအုတ်မြစ်ကနေ ကိုင်လှုပ်နေတယ်။ လူထုလှုပ်ရှားမှုရဲ့ ရှေ့ တန်းက လူငယ်တွေဟာ အလုပ်သမား လူတန်းစားနဲ့ ပူးပေါင်းပြီး အိုဟောင်းဆွေးမြေ့နေတဲ့ အရင်းရှင်စနစ်ရဲ့ ကိုယ်စားလှယ်( စစ်တပ်အာဏာ နဲ့ ဘုရင့်အာဏာ) ကို အဆုံးတိုင် တိုက်ခိုက်ရမယ်။
၅လတာကြာသည့်တိုင် လူထုလှုပ်ရှားမှုတွေက မရပ်တန့်သွားဘဲ ထိုင်းနိုင်ငံကို ပြင်းပြင်းထန်ထန် ကိုင်လှုပ်နေခဲ့ တယ်။ တချိန်တည်းမှာပဲ ထိုင်းအစိုးရဟာ အပြန်အလှန် ချိတ်ဆက်နေတဲ့ အကြပ်အတည်း ပေါင်းစုံကို ရင်ဆိုင် နေရတယ်။ စီးပွားရေးအခြေအနေ အလွန်ဆိုးရွားတဲ့ အနေအထားမှာ ရှိတယ်။ ကိုဗစ်ကပ်ဘေး ရိုက်ခတ်မှု မရှိ သေးတဲ့ ၂၀၁၉မှာတောင် ထိုင်းနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုက ၅နှစ်တာကာလအတွင်း အနှေးကွေးဆုံး ဖြစ်ခဲ့တယ်။ ဒီအချက်ကို The Economist က ဧပြီလမှာ ထောက်ပြခဲ့တယ်။ ထိုင်းနိုင်ငံက “အလယ်အလတ် ဝင်ငွေ” ထောက်ချောက်မိနေတယ်လို့ သိပ်မကြာခင်က ကျနော်တို့ ထောက်ပြခဲ့တယ်။ ထိုင်းနိုင်ငံမှာ လုပ်ခလစာ မြင့် မားလာတဲ့ အပြင်၊ တရုတ်၊ တောင်ကိုရီးယားလို အိမ်နီးချင်းတွေနဲ့ ယှဉ်ရင် ကုန်ထုတ်သတ္တိ နည်းတဲ့အတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု အများအပြားကို နောက်ထပ် မဆွဲဆောင်နိုင်ဘူး။။ ဒါကြောင့် Mazda၊ GM လို ကုမ္ပဏီတွေက တခြားတိုင်းပြည်တွေမှာ စီးပွားရေး ပြောင်းရွှေ့ လုပ်ကိုင်ခဲ့ကြတယ်။ “ကိုဗစ် ဗိုင်းရပ်စ်က ထိုင်း နိုင်ငံရဲ့ နဂိုရှိပြီးသား ဒီပြဿနာတွေကို ပိုဆိုးစေခဲ့ခြင်းသာ ဖြစ်တယ်”။ ထိုင်းနိုင်ငံက တိုင်းပြည်ရဲ့ ဂျီဒီပီ ၂၀ ရာ ခိုင်နှုန်းကို ဖန်တီးပေးတဲ့ ခရီးသွားလုပ်ငန်းအပေါ်မှာ အလွန်အကျွံ မှီခိုထားရတယ်။ ၂၀၂ဝမှာ ထိုင်းနိုင်ငံရဲ့ စီး ပွားရေး ၈ ရာခိုင်နှုန်း ကျဆင်းသွားမယ်လို့ ဗဟိုဘဏ်က လတ်တလော ခန့်မှန်းထားတယ်။ အခုလည်း လူဦးရေ သန်းနဲ့ချီ အလုပ်လက်မဲ့ ဖြစ်နေတယ်။
ဒါ့အပြင်၊ ဆင်းရဲမွဲတေမှုက တိုးလာနေတယ်။ အိမ်ထောင်စုအကြွေး (household debt) က ဂျီဒီပီရဲ့ ၈၀ ရာခိုင် နှုန်းနီးပါး ရှိနေချိန်မှာ၊ တိုင်းပြည်လူဦးရေရဲ့ ဆယ်ပုံတပုံလောက်က တနေ့ဝင်ငွေ ၂.၈၅ ဒေါ်လာနဲ့ ရှင်သန်ရပ် တည်နေရတယ်။ ဒါဟာ အာရှရဲ့ အမြင့်မားဆုံး အချိုးအစားတွေထဲက တခုပဲ။ ထိုင်းလူဦးရေ ၄၀ ရာခိုင်နှုန်း ဝန်းကျင်က အခြေခံ စားဝတ်နေရေးအတွက် ရုန်းကန်နေရတယ်။ ဒါကြောင့် ထိုင်း နိုင်ငံသား အများစု၊ အထူးသ ဖြင့် လူငယ်တွေရဲ့ ဘဝအနာဂတ်က လမ်းပျောက်နေတယ်။
အောက်တိုဘာ
အောက်တိုဘာ ၁၄ရက်နေ့မှာ၊ ဆန္ဒပြလူအင်အား ထောင်သောင်းမက အစိုးရအိမ်တော်စီ ချီတက်လာကြတယ်။ သွားရာလမ်းမှာ တားဆီးပိတ်ပင်ထားတဲ့ ရဲတွေကို ထိုးဖောက် ကျော်ဖြတ်ခဲ့ကြတယ်။ ဝန်ကြီးချုပ် ပရာယွတ် ချန်-အိုချာ ရာထူးက နှုတ်ထွက်ရေးအတွက် အစိုးရအိမ်တော်ကို ဝိုင်းခဲ့ကြတယ်။
အဲ့ဒီနေ့မှာပဲ ဘုရင့်ကြင်ယာတော် ဘုရင်မ Suditha က ဆန္ဒပြလူထုနားကနေ ဇိမ်ခံကား အကောင်းစားနဲ့ ဖြတ် သွားခဲ့တယ်။ တော်ဝင်မိသားစုတွေ ခါတိုင်း မျှော်လင့်ထားသလို လူထုက သူမကို အလေးအမြတ် မပြုခဲ့ဘူး။ အဲ့ ဒီအစား လူထုက အာဏာဖီဆန်တဲ့ အနေနဲ့ သူမကို လက်သုံးချောင်း ထောင်ပြခဲ့တယ်။ (the Hunger Games ဇာတ်လမ်းတွဲထဲက တော်လှန်ရေးသင်္ကေတကို အတုယူထားတာဖြစ်တယ်၊ ဒီလက်သုံးချောင်းသင်္ကေတက ထိုင်းနိုင်ငံမှာ အာဏာဖီဆန်ရေးသင်္ကေတတခု ဖြစ်လာခဲ့တယ်။) “ငါရဲ့ အခွန်ငွေ” ကြွေးကြော်သံကို သံပြိုင် အော်ဟစ်ရင်းနဲ့ ဆန္ဒပြသူအချို့က လက်သုံးချောင်း ထောင်ပြခဲ့ကြတယ်။ သာမာန် ပြည်သူအများအပြားက အခုလို မထီလေးစား တုံ့ပြန်တာကို ဘုရင်မ ဆုဒီသာ ထိတ်လန့်ခဲ့တယ်။ အနီးကပ် သေချာကြည့်ရင် ဘုရင်မ ဆုဒီသာ ပါးစပ်အဟောင်းသားနဲ့ ထိတ်လန့်မျက်ရည်ကျခဲ့တာကိုပါ တွေ့နိုင်တယ်။
အခုလို ဘုရင်မ ထိတ်လန့်သွားတာကို ထိုင်းနိုင်ငံမှာနေရင် နားလည်နိုင်တယ်။ မနေ့တနေ့ကထိ ထိုင်းနိုင်ငံမှာ ဘုရင်စနစ်ကို ပွင့်ပွင့်လင်းလင်း ဝေဖန်တာမျိုး လုံးဝ မကြားခဲ့ရဘူး။ ဘူဇွာစာနယ်ဇင်းတွေက ဒီလိုဝေဖန်တာကို ‘မလုပ်ကောင်းတဲ့အရာ’ လို့ ခေါ်ကြတယ်။ ဒါပေမယ့် ‘မလုပ်ကောင်းတဲ့အရာ’ လို့ ခေါ်ရတဲ့ အကြောင်းရှိ တယ်။ အစိုးရက ဘုရင်စနစ် ဝေဖန်သူ မှန်သမျှကို ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့တယ်။ ထိုင်းနိုင်ငံမှာ တော်ဝင်မိ သားစုကို အကြည်အညို ပျက်စေရင် ပြင်းပြင်းထန်ထန် အရေးယူတဲ့ ဥပဒေတွေ (lèse-majesté laws) တင်းတင်း ကြပ်ကြပ် ပြဌာန်းထားတယ်။ ဒီဥပဒေတွေကို ဆန့်ကျင်ရင် ထောင်ဒဏ် ၁၅နှစ်ထိ ပြစ်ဒဏ် ချမှတ်နိုင် တယ်။ ဘုရင်စနစ်နဲ့ စစ်တပ်ကို ဝေဖန်ခဲ့တဲ့ ပြည်ပြေး ထိုင်းနိုင်ငံသား ကိုးယောက် စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၁၄ က နေ အခုချိန်ထိ ပျောက်ဆုံးနေတုန်းပဲ။ ၂၀၁၈မှာလည်း ဘုရင်စနစ်ကို ဝေဖန်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူ နှစ်ယောက် ရဲ့ အလောင်းတွေကို မဲခေါင်မြစ်ထဲမှာ တွေ့ခဲ့ရတယ်။ တကိုယ်လုံး ကြိုးတုပ်၊ ဗိုက်ဖွင့် အူထုတ်၊ ကွန်ကရစ် ပြန် လောင်း ထည့်ထားတဲ့ အနေအထားနဲ့ အသတ်ခံခဲ့ရတယ်။
အစိုးရက ဘုရင်မကို ကာကွယ်ဖို့ ချက်ချင်း လုပ်ဆောင်ခဲ့တယ်။ တော်ဝင်မိသားစု ယာဉ်တန်းကို လူထုက မထီ လေးစား ဆန္ဒပြခဲ့လို့ တုံ့ပြန်တဲ့အနေနဲ့ နောက်နေ့မနက်မှာ ပရာယွတ်က အရေးပေါ် အခြေအနေ ကြေညာခဲ့ တယ်။ လူငါးဦးနဲ့အထက် စုဝေးတာကို ဥပဒေမဲ့ လုပ်ရပ်အဖြစ် တားမြစ်ခဲ့တယ်။ “နိုင်ငံတော် လုံခြုံရေးကို ထိပါး နှောက်ယှက်နိုင်စေသော (သို့) အများပြည်သူ ထိတ်လန့် ကြောက်ရွံ့စေသော” အကြောင်းအရာတွေ ပြောဆို ရေးသားခြင်း မပြုရလို့ ပိတ်ပင်ခဲ့တယ်။ ဆန္ဒပြသူ သုံးဦးကိုလည်း “ဘုရင်မ လွတ်လပ်ခွင့်ကို အကြမ်းဖမ်းမှု” နဲ့ ဖမ်းဆီးခဲ့တယ်။
ဒါပေမယ့် ထိုင်း နိုင်ငံသားတွေမှာ အရင်လို အကြောက်တရား မရှိတော့ဘူး။ “ဆန္ဒပြလှုပ်ရှားသူတွေက အာဏာ ပြ ခြိမ်းခြောက်တိုင်း မကြောက်တော့ဘူး၊ နိုင်ငံတော် အာဏာကို အန်တုဖို့ အခိုင်အမာ ဆုံးဖြတ်ထားကြပြီ” လို့ တက္ကသိုလ် ပရော်ဖက်ဆာ တီတီပိုလ် ဖက်ဒီးဝမ်နစ်က ရှင်းပြခဲ့တယ်။ ဒါကြောင့် တားမြစ် ဥပဒေအသစ်တွေကို လုံးဝဂရုမစိုက်ဘဲ နောက်တနေ့မှာ ဆန္ဒပြ လူထု ၂၀၀၀ ကျော် ဘန်ကောက်မှာ စုဝေးခဲ့ကြတယ်။ လမ်းမတွေကို ပိတ်ဆို့ပြီး “ငါတို့ ရဲဘော်တွေ လွှတ်ပေး”လို့ သံပြိုင် ကြွေးကြော်ခဲ့ကြတယ်။
တားမြစ်ဥပဒေတွေက ဆန္ဒပြလှုပ်ရှားမှုကို မရပ်တန့်နိုင်ခဲ့ဘူး။ ဆန္ဒပြလူထုရဲ့ စုဝေးတဲ့ နည်းလမ်းကိုပဲ ပြောင်းစေ ခဲ့တယ်။ ထိုင်းလူထုက ဟောင်ကောင် လှုပ်ရှားမှုကို နမူနာယူခဲ့ကြတယ်။ ရဲတွေရဲ့ ပိတ်ဆို့မှု မခံရအောင် နဂို စီ စဉ်ထားတဲ့ စုဝေးပွဲတွေကနေ နာရီဝက်၊ တနာရီအတွင်း နောက်တနေရာကို ရွှေ့ဖို့ စီစဉ်ကြတယ်။ ဆန္ဒပြ လူထု ခေါင်းဆောင်တွေကလည်း စကားဝှက်သုံး လှုပ်ရှားကြတယ်။ ရဲကို ပန်းဂေါ်ဖီ (broccoli)၊ စစ်သားကို ကပက် ချီနို(cappuccino) လို့ ခေါ်ကြတယ်။
ဒီဆန္ဒပြလှုပ်ရှားမှုတွေ ရပ်တန့်သွားအောင် အုပ်ချုပ်ရေး အာဏာပိုင်တွေက ဖြိုခွဲဖို့ ကြိုးစားခဲ့တယ်။ ရဲတွေက အပြာရောင် ယားယံဓာတု ဆိုးဆေးပါတဲ့ မီးသတ်ရေပိုက်တွေနဲ့ ဆန္ဒပြလူထုကို ဖြိုခွဲခဲ့တယ်။ ဒီနောက် ဒီဆန္ဒပြ လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတွေကို (ဓာတုဆိုးဆေးတွေ ဖြန်းထားလို့) တဦးချင်း ခွဲခြားသိနိုင်တယ်။ ကျောင်းဝတ်စုံနဲ့ ဆန္ဒပြ ဆယ်ကျော်သက် ကျောင်းသား ကလေးငယ်အချို့က ဦးထုပ် အမာတွေဆောင်း၊ ထီးတွေသုံးပြီး ကာ ကွယ်ခဲ့ကြတယ်။ ပရာယွတ် အရေးပေါ်အခြေအနေ ကြေညာပြီး ၁၂ နာရီ အကြာမှာ ဘန်ကောက်မြို့လယ် ရက်ချာပရာဆွန် လမ်းဆုံမှာ ရှိနေတဲ့ ရဲတွေကို ဆန္ဒပြလူထုက မောင်းထုတ်နေခဲ့တယ်။ ထိုင်းရဲတွေက အရေး ပေါ် ကြေညာချက်ကို အော်ဖတ်ရင်း လူထုကို ဖြိုခွဲဖို့ ကြိုးစားကြတယ်။ လက်သုံးချောင်း သင်္ကေတသုံး၊ စီတန်း အာဏာဖီဆန်နေတဲ့ ဆန္ဒပြလူထုနဲ့ ထိုင်းရဲတွေ ထိပ်တိုက်တွေ့ခဲ့တယ်။
အခုလို ရဲအင်အားသုံး ဖြိုခွဲမှုတွေက ဆန္ဒပြလူထုကို မခြိမ်းခြောက်နိုင်တဲ့အပြင် ပိုအားကောင်းလာစေခဲ့တယ်။ မာ့က်စ် ပြောခဲ့သလို “တန်ပြန်-တော်လှန်ရေး ကြာပွတ်” က နောက်သီတင်းပတ်တွေမှာ ဆန္ဒပြမှုတွေ ပိုကြီး ထွားလာအောင် တွန်းအားပေးခဲ့တယ်။ ဒီလူထု လှုပ်ရှားမှုက ရယ်ဒီကယ် ဆန်လာတယ်၊ “ဒီနိုင်ငံကို ဘယ်သူ တွေ ပိုင်သလဲလဲ၊ လူထု လူထု” ဆိုတဲ့ ကြွေးကြော်သံတွေကို ဆန္ဒပြသူတွေက ဟစ်ကြွေးလာကြတယ်။
နောက်တလှမ်းဆုတ်သွားတဲ့ အစိုးရ
အခုလို ပိုအားကောင်းလာတဲ့ လူထုလှုပ်ရှားမှုအပေါ် အစိုးရအနေနဲ့ သိသိသာသာ စိုးရိမ်လာခဲ့တယ်။ ၂၀၀၆ ခု နှစ်၊ သက်ဆင် အစိုးရကို ဖြုတ်ချ၊ အာဏာသိမ်းမှုမှာ ပါဝင်ခဲ့တဲ့ ရှပ်ဝါတွေ (ဘုရင်စနစ် ထောက်ခံသူတွေ) ကို အစိုးရက ပြန်ပွဲထုတ်ဖို့ ကြိုးပမ်းလာတယ်။ ဒါပေမယ့် အစိုးရ အသုံးချခဲ့တဲ့ ရှပ်ဝါ အများအပြားက တကယ် တမ်းကျ နိုင်ငံ့ဝန်ထမ်းနဲ့ စစ်သားတွေပဲ။ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ဖို့ ထောက်ခံမှု အင်အား ကင်းမဲ့လာ တော့၊ အခုလို ငွေပေးပြီး ခိုင်းလာရတယ်။ နိုင်ငံ့ဝန်ထမ်းတွေကို မချေမငံ ဆက်ဆံပြီး အမှိုက်ကား အလွတ်တွေ နဲ့ လိုက်ပို့တဲ့ အစီရင်ခံစာတွေ ရှိတယ်။ သူတို့ထဲက အချို့က အုပ်ချုပ်ရေးစနစ်အပေါ် မကျေနပ်မှုတွေကို ပွင့်ပွင့် လင်းလင်း ထုတ်ဖော် ပြောလာကြတယ်။ လက်သုံးချောင်းထောင်ပြီး အာဏာ ဖီဆန်လာကြတယ်။
အုပ်စိုးသူ လူတန်းစားမှာ ကျားကန်ထားနိုင်တဲ့ ထောက်ခံမှု အင်အား လုံးဝမရှိတော့ဘူး။ လက်ရှိ ဆန္ဒပြခေါင်း ဆောင် အများအပြားက ရှပ်ဝါမိသားစုတွေကနေ မွေးဖွားလာတဲ့ သူတွေ ဖြစ်ကြတယ်။ ပုပ်သိုးဆွေးမြေ့နေတဲ့ အုပ်ချုပ်ရေးစနစ်အပေါ် ထိုင်းလူငယ်ထုရဲ့ မကျေနပ်ချက်တွေကို ဗန်းစကားထဲမှာတောင် တွေ့နိုင်တယ်။ လူ ငယ်တွေက ရှပ်ဝါ အိုကြီးအိုမတွေကို Salims လို့ ချိုးနှိမ်ခေါ်ကြတယ်။ (Salims = ခေါက်ဆွဲနဲ့ ပြုလုပ်ထားတဲ့ ဦးနှောက်ပုံသဏ္ဍန် ထိုင်းရိုးရာအချိုပွဲ၊) ဘုရင်စနစ်ကိုထောက်ခံသူ အိုကြီးအိုမတွေက ဦးနှောက်ပျက်စီးနေပြီလို့ ဆိုလိုတယ်။ အခုလို ထိုင်းလူငယ်တွေ အမိန့်အာဏာ ဖီဆန်လာတာကို “ဆိုးသွမ်း ကျောင်းသားလှုပ်ရှားမှု” မှာလည်း တွေ့နိုင်တယ်။ ဒီလှုပ်ရှားမှုမှာ ဆယ်နှစ်အရွယ် ကလေးအချို့တောင် ပါဝင်ခဲ့တယ်။ ဆရာတွေက အတန်းထဲမှာ ဦးကျိုးအောင် နှိပ်ကွပ်မှု အမျိုးမျိုးလုပ်ပေမယ့် နာခံဖို့ ငြင်းဆိုခဲ့ကြလို့ ဆိုးသွမ်း ကျောင်းသားတွေ ဆိုပြီး တမင်ရွဲ့ နာမည်ပေးထားခြင်း ဖြစ်တယ်။ ဒီနှစ်ထဲမှာလည်း အခြေခံ စာသင်ကျောင်းတွေမှာ နိုင်ငံတော် သီချင်းဆိုနေချိန် လက်သုံးချောင်းထောင် ဖီဆန်တာတွေ အဖြစ်များလာခဲ့တယ်။ ဒါကြောင့် ထိုင်းအစိုးရက အတန်းမစမီ နိုင်ငံတော်သီချင်း ဆိုခိုင်းတာကို ယာယီ ရပ်နားခဲ့ရတယ်။ ကမ္ဘာတဝှမ်း ပေါ်ပေါက်လာတဲ့ လှုပ် ရှားမှုတွေမှာလိုပဲ ဒီလူထု လှုပ်ရှားမှုမှာလည်း ဖိနှိပ်မှုကို အန်တုလာတဲ့၊ အပြောင်းအလဲကို ရေသာခို စောင့်ဆိုင်း မနေတဲ့ တော်လှန်ရေး မျိုးဆက်သစ်တခုကို ကျနော်တို့ တွေ့လာရတယ်။
ဒီစိုးရိမ်စရာ လက္ခဏာတွေကြောင့် ပရာယွတ် ဘက်က တစုံတရာ အလျှော့ပေး လာရတယ်။ အရင်က မတို့ဝံ့ မထိဝံ့ စစ်အာဏာရှင်စနစ်လည်း လူထုလှုပ်ရှားမှုကြောင့် အာဏာမရှိသလို ဖြစ်သွားတယ်။ “လွတ်လပ်စွာ နိုင်ငံ ရေး ထုတ်ဖော်ခွင့်ကို ဥပဒေဘောင် အတွင်းကနေ” အသုံးပြုဖို့ ဆန္ဒပြလူထုကို ပရာယွတ်က တောင်းဆိုခဲ့တယ်။
“ဆန္ဒပြလူထုက သူတို့ရဲ့အသံတွေ၊ အမြင်တွေ ထုတ်ဖော်လာတာ ကြားရပါတယ်၊ အခုချိန်က သူတို့ရဲ့ အမြင် တွေကို အစိုးရအဖွဲ့ဝင် သူတို့ရဲ့ ကိုယ်စားလှယ်တွေကတဆင့် ထိုင်း လူ့အဖွဲ့အစည်းမှာ ရှိနေတဲ့ အခြားအမြင် တွေနဲ့ စေ့စပ် ညှိနှိုင်းပေးရမယ့် အချိန်ပဲ” လို့ ပြောသွားတယ်။
ပရာယွတ်အနေနဲ့ လူထုလှုပ်ရှားမှုကို ခပ်ကြမ်းကြမ်းတုန့်ပြန်လို့ အလုပ်မဖြစ်တာ ဝန်ခံခဲ့ရတယ်။ တော်လှန်ရေး (ဝါ) တော်လှန်ရေးရှေ့ပြေး အခြေအနေတခုမှာ မကြာခဏ တွေ့ရတတ်တဲ့ ဖြစ်စဉ်တခုကို ကျနော်တို့ မြင်တွေ့ နိုင်တယ်။ တဖက်မှာ အကြမ်းဖက် ဖြိုခွဲလိုက်ရင် လူထုလှုပ်ရှားမှုကို ရက်ဒီကယ် ပိုဆန်သွားမလား ကြောက်နေ ရတယ်။ အခြားတဖက်မှာကျ လူထုလှုပ်ရှားမှုကို လိုက်လျော ခွင့်ပြုထားရင် ပိုအားကောင်းသွားစေမှာ ကြောက် နေရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်မျိုးစလုံးက လူထုလှုပ်ရှားမှုကို ပိုအားကောင်းစေမှာပဲ။ ဒါကြောင့် ပရာယွတ် မိန့်ခွန်းပြောနေချိန်မှာပဲ ရာပေါင်းများစွာသော ဆန္ဒပြလူထုက ရဲတွေရဲ့ အတားအဆီးကို ထိုးဖောက်ပြီး အစိုးရ အိမ်တော်ကို ဝိုင်းခဲ့ကြတယ်။
အဆုံးမှာတော့ လူထုလှုပ်ရှားမှု အင်အားကြောင့် အရေးပေါ်ကြေညာချက်ကို ပရာယွတ် ပြန်ရုတ်သိမ်းခဲ့ရတယ်။ “မီးသတ်ရေပိုက်လုံးတွေနဲ့ ထိုးခွဲလို့ ထိုင်းနိုင်ငံက ပိုကောင်းတဲ့ လူ့အဖွဲ့အစည်း ဖြစ်မလာနိုင်ဘူး” ဆိုတာ ဝန်ခံခဲ့ ရတယ်။
ပရာယွတ်လိုလူက ထိုင်းလူထုကို ဒီမိုကရေစီကျကျ ကျင့်သုံးကြပါ ပြောနေတာ အတော် ကြောင်သူတော်ဆန် တာပဲ။ ၂၀၁၄ စစ်အာဏာသိမ်းမှုကို ပရာယွတ် ကိုယ်တိုင် ဦးဆောင်ခဲ့ခြင်း ဖြစ်တယ်။ ဒါ့အပြင် ပရာယွတ် စစ် အာဏာသိမ်း အစိုးရ ခေါင်းဆောင်ဘဝမှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကို ကျင်းပခဲ့ခြင်း ဖြစ်တယ်၊ ဒီရွေးကောက်ပွဲ စည်းမျဉ်းတွေကို စစ်အာဏာသိမ်း အစိုးရကိုယ်တိုင် ရေးဆွဲခဲ့ခြင်း ဖြစ်တယ်။ ရွေးကောက်ပွဲကာလမှာ ဒုတိယ အင်အားအကြီးဆုံး အတိုက်အခံပါတီကို ဖြိုခွဲခဲ့တယ်။ ဒါတောင်၊ စစ်အစိုးရ ဆန့်ကျင်ရေး ပါတီတွေ ထောက်ခံမဲ နှစ်ဆတိုး ရခဲ့တယ်၊ ဒါပေမယ့်လည်း စစ်တပ်က အာဏာကို ဆက်လက် ချုပ်ကိုင်ထားတယ်။ စစ်တပ်က ထိုင်း အထက်လွှတ်တော် ကိုယ်စားလှယ် ၂၅၀ စလုံးကို ခန့်အပ်တယ်။ ထိုင်းအထက်လွှတ်တော်က အစိုးရ ပေါ်လစီ ကို ဗီတိုအာဏာ နဲ့ ပယ်ဖျက်နိုင်တယ်၊ ရွေးကောက်ခံ အစိုးရအဖွဲ့ဝင်တွေကိုလည်း ဖယ်ရှားနိုင်တယ်။
စစ်တပ် အာဏာသိမ်းမှာလား
အစိုးရနဲ့ ဆန္ဒပြသူတွေကြား မတိုးသာ မဆုတ်သာ အခြေအနေမျိုးမှာ စစ်တပ်က အာဏာထပ်သိမ်းမလား ပြော လာတာ မထူးဆန်းဘူး။ ၁၉၇၆ကလို သမ်မာဆတ် တက္ကသိုလ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမျိုး ထပ်ဖြစ်ခဲ့ ရင် တိုင်းပြည် အရှက်ရစရာပဲ လို့ ထိုင်းသတင်းစာတွေနဲ့ တော်ဝင်မျိုးနွယ်ဝင်တွေက ပြောလာကြတယ်။ စစ် တပ်က အာဏာသိမ်းတာ ဆိုးရွားတဲ့ကိစ္စ မဟုတ်ဘူးလို့ နယူးယောက်ခ် တိုင်းစ်က “ထင်ရှားတဲ့ ဘုရင်စနစ် ထောက်ခံသူ” အဖြစ် ဖော်ပြထားတဲ့ ဆွန်ဒီ လင့်မ်ထုံကားလ်က ပြောခဲ့တယ်၊ စစ်တပ်အနေနဲ့ ဘုရင်စနစ်ကို ကာကွယ်ပေးစေ လိုကြောင်း၊ တိုင်းပြည်အခြေအနေ ပြန်တည်ငြိမ်လာအောင် ကြားဝင် ဆောက်ရွက်ပေးစေလို ကြောင်း အောက်တိုဘာလအကုန်မှာ ဆွန်ဒီ လင့်မ်ထုံဂါက တောင်းဆိုခဲ့တယ်။ တချိန်တည်းမှာပဲ “အကြမ်းဖက် ပဋိပက္ခကို ဖန်တီးတဲ့ အုပ်စုတွေ မရှိသရွေ့ အာဏာသိမ်းနိုင်ခြေက သုညပါ” လို့ ဗိုလ်ချုပ် နာရွန်ပန် ဂျစ်ကယ် တယ် က ပြောခဲ့တယ်။
ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်း သမိုင်းရှိတယ်။ များသောအားဖြင့် ဘုရင်စနစ်ကို ကာကွယ်ဖို့ ဖြစ်ကြောင်း တရား ထူထောင်လေ့ရှိတယ်။ “တိုင်းပြည်အတွင်း ပဋိပက္ခတွေ ပြင်းထန်လာချိန် (၀ါ) ဘုရင်စနစ်ကို ကိုင်လှုပ်လာချိန် တိုင်းပြည် အကျိုးစီးပွားတွေ ခြိမ်းခြောက်ခံလာရတိုင်း” ကြားဝင်ပြီး “ငြိမ်ဝပ်ပိပြားရေး ထိန်းသိမ်းဖို့” ဟာ ထိုင်း စစ်တပ်ရဲ့ တာဝန်ပဲ လို့ ဘူဇွာ thin tank တခုဖြစ်တဲ့ လိုဝီအင်စတီကျူ က ဆိုတယ်။ ဒီနေရာမှာ ဘူဇွာတွေ ပြောတဲ့ တိုင်းပြည် အကျိုးစီးပွားဆိုတာ အာဏာရ အုပ်စိုးသူ လူတန်းစားရဲ့ အကျိုးစီးပွားပဲ။ လူ့အဖွဲ့အစည်းအ တွင်း ထောက်ခံမှု အင်အားမရှိဘဲ အာဏာသိမ်းမယ့် လမ်းကြောင်းကို လျှောက်ရင် စစ်တပ်အတွက် အရမ်း အ န္တရာယ်များလိမ့်မယ်။ ဒီနှစ်ထဲ ဖိနှိပ်မှု လုပ်လိုက်တိုင်း လူထုလှုပ်ရှားမှုကို ရက်ဒီကယ်သာ ပိုဆန်သွား စေခဲ့ တယ်။ ဒါကြောင့် အလျင်စလို စစ်အာဏာ သိမ်းလိုက်ရင် လူထုနဲ့ ထိပ်တိုက်တွေ့လိမ့်မယ်၊ နိုင်ဖို့မသေချာတဲ့ ပြည်တွင်းစစ်ကို မီးမွှေးလိုက်သလိုပဲ ဖြစ်မယ်။
ထိုင်းဘုရင်
ကျနော်တို့ ထောက်ပြခဲ့သလိုပဲ၊ ဘုရင်စနစ်ကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာ အင်မတန် အရေးကြီးတယ်။ ထိုင်း လူထုကြီးက အသက်ရှင်ဖို့ အသည်းအသန် ရုန်းကန်နေရချိန်မှာ ထိုင်းဘုရင်က မယုံနိုင်လောက်အောင် ချမ်း သာကြွယ်ဝနေတာ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူး။ ထိုင်းဘုရင် ပိုင်ဆိုင်မှု ခန့်မှန်းချေ ဒေါ်လာ ဘီလီယံ ၄၀ ရှိတယ်။ ကမ္ဘာပေါ်က အချမ်းသာဆုံး ဘုရင်ထဲမှာ တယောက်အပါအဝင်ပဲ။ ဒါတင်မကဘဲ ၂၀၂၁ အစိုးရ ဘဏ္ဍာရေး လျာထားချက်အရ အစိုးရဘက်ဂျက် ဘတ်ငွေ ၃၇ ဘီလီယံ (ဒေါ်လာ ၁.၁ဘီလီယံ)ကို ဘုရင် စနစ် အတွက် သုံးစွဲထားတယ်။ တော်ဝင်ရုံးက ဘတ်ငွေ ၉ဘီလီယံကို တိုက်ရိုက်ရရှိတယ်။ ထိုင်းလူထုက ထမင်း နပ်မှန်ဖို့ ရုန်းကန်နေချိန်မှာ ဘုရင်ကတော့ ပိုချမ်းသာကြွယ်ဝလာတယ်။
ဒါပေမယ့် ဆိုရှယ်လစ်တွေ၊ မာက်စ်ဝါဒီတွေက ဒီမမျှတမှု သက်သက်ကြောင့် ဘုရင်စနစ် အဆောက်အအုံကို ဆန့်ကျင်နေတာမဟုတ်ဘူး။ အဓိက အကြောင်းရင်းက အလုပ်သမား လူတန်းစားကို အကြမ်းဖက်ရာ၊ စစ်တပ် က အာဏာသိမ်းတဲ့ နေရာမှာ ဘုရင်စနစ်က တရားထူထောင်ပေးနိုင်လို့ပဲ။ ဒီအရန်လက်နက်ကို ဆက်လက် ထိန်းသိမ်းထားဖို့ ကမ္ဘာတဝှမ်းက တော်ဝင်မျိုးနွယ်တွေဟာ အဆောင်အယောင် အခမ်းအနားနဲ့ မင်းဝတ်တန် ဆာတွေကို အသုံးပြုနေကြတယ်။ ထိုင်းနိုင်ငံမှာလည်း ဒီအတိုင်းပဲ။ ဝန်ကြီးချုပ်နဲ့ အစိုးရဝန်ထမ်းတွေဟာ ဘုရင် ကို ဦးညွတ်ခစားရတယ်။ တော်ဝင်မိသားစုက ကိုယ်ပိုင် ထီးသုံးနန်းသုံး ထိုင်းဘာသာစကားနဲ့ ပြောဆိုကြတယ်။ တော်ဝင်မျိုးနွယ်တွေကို ဘုရားလောင်းတွေ/ တန်ခိုးရှင်တွေလို အစိုးရက နှစ်ပေါင်းများစွာ ဝါဒဖြန့်ခဲ့တယ်။ ဒါ တွေအားလုံးရဲ့ ရည်ရွယ်ချက်က ထိုင်းဘုရင်စနစ်ဟာ ပြည်သူအားလုံးကို ကိုယ်စားပြုတယ်၊ လူ့အဖွဲ့အစည်းရဲ့ ဘာမှမဟုတ်တဲ့ အကျိုးစီးပွားတွေ အထက်မှာ တည်ရှိနေတယ်၊ မင်းကျင့်တရားနဲ့ အညီ အုပ်ချုပ်တယ် လို့ ပုံ ဖော်ထားဖို့ပဲ။ ဘုရင်စနစ်ကို ဒီအတိုင်း ဆက်ပုံဖော်ထားနိုင်သရွေ့၊ သူတို့ရဲ့ အခွင့်အာဏာကို ခြိမ်းခြောက်လာ တဲ့ ခေါင်းဆောင်တွေကို စစ်တပ်က ဖြုတ်ချအာဏာသိမ်းတိုင်း ဘုရင်စနစ်က တရားထူထောင် ပေးနေဦးမယ်။
အာဏာအလုံးစုံကို ဘုရင်က ချုပ်ကိုင်ထားတယ် ထင်ရပေမယ့် တကယ်တမ်းကျ စစ်တပ် လက်ထဲမှာပဲ ရှိတယ်၊ နောက်ဆုံး သတ္ထုချလိုက်ရင်၊ ထိုင်းလူ့အဖွဲ့အစည်းကို အုပ်စိုးနေတဲ့ အရင်းရှင် လူတန်းစားရဲ့ အစိတ်အပိုင်းတခု လက်ထဲမှာ အာဏာကို ဆုပ်ကိုင်ထားတယ်။ ဒီစနစ်ကို တစုံတရာ တရားဝင်မှုရှိအောင် လုပ်ရာမှာ ဘုရင်စနစ် က အသုံးဝင်ခဲ့တယ်။ ဒါပေမယ့်လည်း ဘုရင်စနစ်အဆောက်အအုံက တနေ့တခြား ပြိုကျလာနေတယ်။ အရင် ဘုရင်လက်ထက်မှာ လူထုထောက်ခံမှု အတိုင်းအတာတခုထိ ရခဲ့ပေမယ့် လက်ရှိဘုရင် မဟာဗဂျီရာ လောင်ကွန်း လက်ထက်မှာတော့ လူထုထောက်ခံမှု ဆိုးဆိုးရွားရွား ကျဆင်းလာတယ်။ အုပ်စိုးသူ လူတန်းစား လိုအပ်တာက ထိုင်းနိုင်ငံသား အားလုံးကို စုစည်းပေးနိုင်မယ့် ဂုဏ်သိက္ခာရှိ သူတော်စင် တယောက်ဆိုရင် လက်ရှိဘုရင်က ဒီစံနှုန်းတွေနဲ့ ဆန့်ကျင်ဘက်ပဲ။ ဂျာမနီနိုင်ငံမှာ မောင်းမမိဿံတွေ တပြုံတမကြီးနဲ့ ဇိမ်ခံနေတဲ့ ထိုင်းဘုရင်ကို ကိုယ်တပိုင်းပြတ်အင်္ကျီ၊ ယာယီတက်တူးတွေနဲ့ လူမြင်ကွင်းမှာ မကြာခဏ မြင်တွေ့နိုင်တယ်။ ထိုင်းဘုရင်ဟာ စည်းစိမ်ခံစားဖို့က လွဲရင် ဘာကိုမှ စိတ်မဝင်စားဘူး။ “အတွင်းစကားတွေအရ ဘုရင်ဟာ အိပ်၊စား၊ကာမ သုံးမျိုးပဲ လုပ်တယ်” လို့ အောက်တိုဘာ၁၄ရက်နေ့ထုတ် The Economist မက်ဂဇင်း မှာ ရေး သားဖော်ပြခဲ့တယ်။ ထိုင်းဘုရင် နိုင်ငံရေးမှာ ဝင်ပါတဲ့အခါမှာလည်း ဘာမှ ပိုကောင်းမလာဘူး။ အထင်ကရ အ နေနဲ့ သူ့ရဲ့အိမ်မွေးခွေး ဖူဖူကို လေတပ်အကြီးအကဲအရာရှိ အဖြစ် ရာထူးခန့်အပ်ခဲ့တယ်။
အခုလို ထိုင်းလူ့အဖွဲ့အစည်းအတွင်း စစ်တပ်နဲ့ ဘုရင်စနစ်ကို ထောက်ခံတဲ့ လူထုလူတန်းစား ကင်းမဲ့လာတဲ့ အခါ သူတို့ကြားမှာ Foreign Policy မက်ဂဇင်းက ခေါ်သလို “အပြန်အလှန် အကျိုးပြု ရှင်သန်ခြင်း ပဋိညာည်” တခု တည်ဆောက်ထားကြတယ်။ ဒါကြောင့် စစ်တပ်အနေနဲ့ ထိုင်းဘုရင်အသစ်ရဲ့ စရိုက်ကို သဘောမကျပေ မယ့် လူဝီအင်စတီကျုက ပြောသလို ဘုရင့်ဘေးမှာ မဖြစ်မနေ ရပ်တည်ပေးရတယ်၊ တခြားရွေးစရာ မရှိဘူး။ တည်ဆဲစနစ်ကနေ အကျိုးအမြတ်ရနေတဲ့ အုပ်စိုးသူ လူတန်းစားရဲ့ အစိတ်အပိုင်းနဲ့ စစ်တပ်ရဲ့ အမြင်အရ၊ “တော်ဝင်မိသားစု လုံခြုံရေးဟာ တိုင်းပြည် လုံခြုံရေးနဲ့ ခွဲမရနိုင်ဘူး။ ဒါကြောင့် ကိုယ့်ကြမ္မာကိုယ် မဖန်တီးနိုင်တဲ့ ဘုရင်ကို ကာကွယ်ပေးရမယ်” လို့ လူဝီအင်စတီကျူက ငြင်းချက်ထုတ်တယ်။ ဒီအချက်အရလည်း ထိုင်းနိုင်ငံမှာ ဘုရင်စနစ်ကို ဝေဖန်တာ ဘာကြောင့် အန္တရာယ်ကြီးလဲ သိနိုင်တယ်။ ဘုရင်စနစ်ကို ဝေဖန်တာ တည်ဆဲစနစ် တခုလုံးကို ဝေဖန်တဲ့ အဓိပ္ပါယ်သက်ရောက်တယ်။ ဒါကြောင့်လည်း လက်ရှိအုပ်စိုးသူ ရေပေါ်ဆီလူတန်းစားဟာ ဘုရင်စနစ်ကို နတ်နေကိုင်းအဖြစ် သတ်မှတ်ထားကြတာပဲ။
ဖွဲ့စည်းပုံအခြေခံ ဥပဒေ
နိုဝင်ဘာ ၁ရရက်၊ အင်္ဂါနေ့မှာ ဆန္ဒပြခေါင်းဆောင် အာနွန် နန်ပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံသူတွေအနေနဲ့ လွှတ်တော်အပြင်ဘက် စုဝေးဖို့ ဖိတ်ခေါ်လိုက်တယ်။ ဆန္ဒပြသူတွေကို ဦးထုပ်တွေ ဆောင်းလာဖို့၊ နေကာ မျက်မှန်တွေ တပ်လာဖို့၊ အစိုးရအဆောက်အဦးက မြစ်ဘေးမှာ ရှိတဲ့အတွက် ဘယ်လို လှေမျိုးဖြစ်ဖြစ် တပါတည်း ယူလာဖို့လည်း တိုက်တွန်းခဲ့တယ်။ ဆန္ဒပြလူထုက လှေအဖြစ် ရာဘာဘဲရုပ် အ မြောက် အမြားကို စီစဉ်ခဲ့ကြတယ်။
လှုပ်ရှားမှု စဖြစ်ကတည်းက ကြုံဖူးသမျှထဲ အဆိုးရွားဆုံး အကြမ်းမှုနဲ့ ဆန္ဒပြလူထု ရင်ဆိုင်ခဲ့ရတယ်။ ရှပ်ဝါ တော်ဝင်စနစ် ထောက်ခံသူတွေကို ဆန္ဒပြလူထုနဲ့ ထိပ်တိုက်တွေ့ဖို့ အစိုးရက ခွင့်ပြုခဲ့တယ်။ ရဲလက်ချက်လား၊ ရှပ်ဝါတွေရဲ့ လက်ချက်လား မသဲကွဲဘဲ ဆန္ဒပြသူသုံးဦး သေနတ်ပစ်ခံခဲ့ရတယ်။ အဆုံးမှာ ဆန္ဒပြသူ ဒဏ်ရာရ ၅၅ ဦးကို ဆေးရုံပို့ခဲ့ရတယ်။
အဲ့ဒီအချိန်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်းအချို့ အပါအဝင် လွှတ်တော် ကိုယ်စားလှယ်အားလုံးက ဖွဲ့ စည်းပုံ အခြေခံဥပဒေပြင်ဆင်ဖို့ အချက်ခုနှစ်ချက်ကို ငြင်းခုန်ဆွေးနွေးနေခဲ့တယ်။ အိုင်လော ဥပဒေမူကြမ်း (iLaw ‘peoples’s draft’) ကို (ဦးဆောင်သူတွေက ငါးသောင်းလောက်သာ ထောက်ခံမယ် မျှော်လင့်ထား ပေမယ့်) ထိုင်းပြည်သူ ၁သိန်း ထောက်ခံလက်မှတ် ရေးထိုးခဲ့ကြတယ်။ အိုင်လော ဥပဒေမူကြမ်းအရ ဘုရင့် အာ ဏာကို ကန့်သတ်ပေးလိမ့်မယ်၊ အထက်လွှတ်တော်အမတ် ၂၅ဝကို ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ အစား ထိုးပေးလိမ့်မယ်။ အစိုးရလိုလားတဲ့ပါတီနဲ့ အတိုက်အခံပါတီတွေဘက် တင်လာတဲ့ ပြင်ဆင်ချက် နှစ်ချက်ကို မဲခွဲ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါပေမယ့် အိုင်လော ဥပဒေပြင်ဆင်ရေးမူကြမ်း ရှုံးနိမ့်သွားခဲ့တယ်။
စစ်တပ်လွှမ်းမိုးထားတဲ့ လွှတ်တော်တခုမှာ အခုလို ပြုပြင်ပြောင်းလဲရေးမျိုး ဘယ်တော့မှ ဖြစ်မလာနိုင်ဘူး။ “ဖွဲ့ စည်းပုံ အခြေခံဥပဒေပြင်ဆင်တာက ဘုရင်စနစ် ပျက်စီးရာပျက်စီးကြောင်းပဲ” လို့ ထိုင်းတော်ဝင် ခေါင်းဆောင် ဝါရွန် ဒက် ဂျီတီဗီဂရွမ်က ပြောခဲ့တယ်။ “ဒါမျိုးနောက်ထပ် ဖြစ်လာမှာမဟုတ်ဘူး” လို့ ထိုင်းစစ်ဦးစီးချုပ်က ပြတ် ပြတ်သားသား ပြောဆိုခဲ့တယ်။
လတ်တလောအခြေအနေ
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ပိတ်ပင်လိုက်ခြင်းဟာ လမ်းမပေါ်က လူထုကို နောက်တကြိမ် ထပ်ပြီး ဒေါသပုန်ထစေခဲ့တယ်။ “တနေ့နေ့မှာ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်း မရှိတော့ရင် ငါတို့ တော်လှန်ရလိမ့် မယ်” လို့ အာနွန် နမ်ပါက ကုန်တင်ကားတစီးပေါ်မှာ ရပ်ရင်း ပြောခဲ့တယ်။ နောက်ပိုင်း အင်တာဗျူးတွေမှာ လည်း “အိမ်တအိမ်က အရမ်းပျက်စီးနေရင် မပြင်သင့်တော့ဘူး... ကျနော်တို့ ဘုရင်စနစ်ကို လွှတ်တော်လမ်း ကြောင်း နဲ့ ပြုပြင်ဖို့ မျှော်လင့်ချက် လုံးဝမရှိတော့ဘူး။” လို့ ပြောဆိုခဲ့တယ်။ ဒါဟာ တခုတည်းသော ထွက်ရပ် လမ်းပဲ။ ထိုင်း အစိုးရစနစ်ကို ပြုပြင်ပြောင်းလဲလို့ မရနိုင်ဘူးဆိုတာ အကြိမ်ကြိမ် သက်သေပြခဲ့ပြီးပြီ။ ရှေ့ဆက် သွားရမယ့် တခုတည်းသော လမ်းကြောင်းက လူ့အဖွဲ့အစည်းကို အမြစ်လှန်ပြောင်းလဲပစ်ရေး၊ တော်လှန်ရေးပဲ။
ဒီနေရာမှာ တော်လှန်ရေးတရပ် ဘယ်လိုဆင်နွှဲမလဲ ဆိုတဲ့ ပြသနာရှိနေတယ်။ ထိုင်းလူထုလှုပ်ရှားမှုဟာ မယုံ နိုင်လောက်အောင် ရဲစွမ်းသတ္တိနဲ့ ဒူပေဒါပေ ခံနိုင်တာကို ပြသခဲ့ပြီးပြီ။ အကြမ်းပတမ်း နှိပ်ကွပ်ခံရ၊ ဆန္ဒပြခေါင်း ဆောင် အများအပြား ဖမ်းဆီးခံရပေမယ့် ငါးလတာ တောင့်ခံခဲ့ပြီးပြီ။ လူထုက ခေါင်းဆောင်တွေရဲ့ လှုံ့ဆော်မှုနဲ့ အတူ အကြိမ်ပေါင်းများစွာ တိုက်ပွဲလာခဲ့ကြပြီးပြီ။ ပြဿနာက ဆန္ဒပြလှုပ်ရှားမှုတွေ ကြီးထွားလာသည့်တိုင် ထိုင်း အလုပ်သမား လူတန်းစားက အင်နဲ့အားနဲ့ ပါမလာသေးဘူး။ အလုပ်သမားတွေ ကိုယ်တိုယ် သတိမထားမိ ခဲ့ရင်တောင် လူ့အဖွဲ့အစည်းကို မောင်းနှင်လည်ပတ်နေတဲ့ စွမ်းအားတရပ်လုံးက သူတို့ လက်ထဲမှာ ရှိနေတယ်။ ဒါကြောင့် အလုပ်သမားတွေကသာ တိုးတက်တဲ့ လူတန်းစား ဖြစ်တယ်။ တော်လှန်ရေး လုပ်ငန်းစဉ်ပေါ် အခြေခံ ပြီး အလုပ်သမား လူတန်းစား စုရုံးလာရင် ထိုင်းလူ့အဖွဲ့အစည်းတခုလုံး သွက်ချာပါဒလိုက်သွားမယ်။
အလုပ်သမားတွေ ပါဝင်လှုပ်ရှားမှု အနည်းအကျဉ်းတော့ရှိခဲ့တယ်။ နမူနာအနေနဲ့ ချွန်ဘူရီက ဆန္ဒပြလှုပ်ရှားမှုမှာ စက်ရုံအလုပ်သမားထောင်ပေါင်းများစွာ ပူးပေါင်းခဲ့တဲ့ သတင်းမှတ်တမ်းတွေ ရှိတယ်။ ကျနော်တို့ ဖော်ပြခဲ့ဖူးသ လို အောက်တိုဘာ ၁၄မှာ ဆန္ဒပြလှုပ်ရှားသူတွေက အထွေထွေသပိတ် ခေါ်ခဲ့တယ်။ ဒါပေမယ့်လည်း၊ အထွေ ထွေ သပိတ်အတွက် ကြိုတင်ပြင်ဆင်မှု မရှိခဲ့တာကြောင့် ဖြစ်မလာခဲ့ဘူး။
အလုပ်သမားလူတန်းစား ပူးပေါင်းပါဝင်လာအောင် မလုပ်နိုင်ရင် လူထုလှုပ်ရှားမှုဟာ အရေးနိမ့်သွားနိုင်တယ်။ Foreign Policy က သူတို့ အယူအဆကို အခုလို ဖော်ပြခဲ့တယ်။ ကျောင်းသားတွေ ဆန္ဒပြလှုပ်ရှားမှုကို ကြီး ထွားလာအောင် မလုပ်နိုင်ဘူးလို့ အာဏာပိုင်တွေ ယူဆလာရင် အာဏာပိုင်တွေ အနေနဲ့ ဆန္ဒပြသူတွေ တ ဖြည်းဖြည်း အားပျော့သွားမှာကို အချိန်ယူ စောင့်နေနိုင်တယ်၊ လူထုလှုပ်ရှားမှု ခြေကုန်လက်ပန်းကျပြီး အား ပျော့သွားရင် အကြမ်းဖက်ဖြိုခွဲခံရမှာကို ကျနော်တို့အနေနဲ့ ခန့်မှန်းနိုင်တယ်။ တလောကပဲ ပရာယွတ် က ဆန္ဒပြ လှုပ်ရှားသူတွေကို ဥပဒေ၊ စည်းမျဉ်းအားလုံးနဲ့ အရေးယူမယ်လို့ ခြိမ်းခြောက်ခဲ့ပြီးပြီ။
နိုဝင်ဘာ ၁၈ရက်နေ့မှာ ဆန္ဒပြသူတွေက “ငါတို့ လောင်ကျွမ်းပြာကျရင်၊ ငါတို့နဲ့အတူ မင်းတို့ လောင်ကျွမ်းပြာ ကျမယ်” ကြွေးကြော်သံတွေနဲ့ လှုပ်ရှားခဲ့ကြတယ်။ ဒါပေမယ့်လည်း ဆန္ဒပြလှုပ်ရှားမှုအတွက် လောင်ကျွမ်း ပြာ ကျဖို့ မလိုအပ်ဘူး။ အခုချိန်မှာ ထိုင်းလူထုဟာ ရယ်ဒီကယ် ပြောင်းလဲမှုတခုအတွက် အရေးပေါ် တောင်းဆို နေပြီ။ ဆန္ဒပြသူတွေဟာ အလုပ်သမားလူတန်းစားကို လှုပ်ရှားမှုမှာ ပူးပေါင်ပါဝင်လာအောင် လုပ်ဆောင်နိုင် ခဲ့ရင် သူတို့အနေနဲ့ ဘုရင်စနစ်နဲ့အတူ ဖောက်ပြန်တဲ့ စနစ်တခုလုံးကို လွယ်လွယ်ကူကူ ဖြိုချနိုင်တယ်။
ပုံမှန်အခြေအနေ ပြန်မရောက်နိုင်
သေချာတာတခုကတော့ လူထုလှုပ်ရှားမှု ဘာတွေပဲ ဖြစ်လာဖြစ်လာ၊ ပုံမှန် အခြေအနေကိုတော့ ပြန်မရောက် နိုင်ဘူး။ ထိုင်းလူထုရဲ့ အလွှာကြီးတခုဖြစ်တဲ့ လူငယ်တွေက လူထုလှုပ်ရှားမှုကနေ သင်ခန်းစာတွေရခဲ့တယ်။ လူ တန်းစား အသိရှိလာခဲ့တယ်။ “ကျနော်က နိုင်ငံရေးမှာ ဘယ်တုန်းကမှာ ပါဝင်မလှုပ်ရှားခဲ့ဘူး.... လွန်ခဲ့တဲ့ သုံး လလောက်က ကျနော့်ကို မြင်ဖူးရမှာ။ အခုတော့ ဘာကြောင့် ဒီမှာ ရှိနေရမယ်ဆိုတာ နားလည်ပြီ၊ ကျနော်တို့ရဲ့ အသံကို ထုတ်ဖော်ပြောရမယ်” လို့ အသက် ၂၃အရွယ် ပီရာကာန် တန်ဆန်ရစ်ကူလ်က ပြောခဲ့တယ်။ ဂါဒီယမ် အင်တာဗျူးမှာလည်း “ကျနော်တို့မှာ လက်နက်မရှိဘူး၊ စစ်တပ်မရှိဘူး..... ကျနော်တို့က သူတို့ကို မကြောက် ဘူး ဆိုတာ ပြောဖို့ လမ်းပေါ်ထွက်လာတယ်လို့ ခံစားရတယ်၊ ကျနော်တို့က သူတို့ထက် ပိုအားကောင်းတယ်။ လူထုက နိုးထလာပြီ၊ ဝါဒဖြန့်မှိုင်းတိုက်တဲ့ခေတ် ကျန်ခဲ့ပြီ” လို့ အသက် ၂၂ အရွယ် ဆန္ဒပြသူ ထန်နီဆွန်က ဖြေ ကြားခဲ့တယ်။ လူငယ်မျိုးဆက်သစ်က ထိုင်းအစိုးရ အာဏာကို ထိပ်တိုက်ရင်ဆိုင်ခဲ့ကြပြီ၊ သူတို့ပိုင်ဆိုင်တဲ့ စွမ်း အားကို သိထားကြပြီ။ ဒါကို ပြန်ပြောင်းလို့ မရနိုင်တော့ဘူး။
ထိုင်းနိုင်ငံဟာ တော်လှန်ရေးမျိုးဆက်တခု ထွက်ပေါ်လာတဲ့ နိုင်ငံများစွာထဲက တနိုင်ငံပဲ။ ဒီတော်လှန်ရေး မျိုး ဆက်အသစ်က စနစ်ဟောင်းကို စိန်ခေါ်ဖို့ အသင့်ဖြစ်နေပြီ။ နိုင်ဂျီးရီးယား၊ ဘီလာရု အပါအဝင် ကမ္ဘာတဝှမ်းက တက်ကြွလှုပ်ရှားသူတွေဟာ လူထုလှုပ်ရှားမှု အောင်မြင်ဖို့ ဆန္ဒပြုစာတွေ ပို့ခဲ့ကြတယ်။ အခုချိန်မှာ ကင်းမဲ့နေ တာ တိုက်ပွဲဝင်ဖို့ ပိုင်းဖြတ်ချက် မဟုတ်ဘူး၊ အိုမင်းဆွေးမြေ့နေတဲ့ အရင်းရှင်စနစ်တခုလုံးကို ဖြိုချပစ်ဖို့ရာ တော် လှန်ရေး တရပ်ကို အစပျိုး၊ ဆုံးခန်းတိုင် လျှောက်ဖို့ ပြင်ဆင်ထားတဲ့ ခေါင်းဆောင်မှုပဲ။