ကြီးမြတ်သော မာ့က်စ်ဝါဒီတယောက်လည်းဖြစ်၊ ရပ်ရှားတော်လှန်ရေး ခေါင်းဆောင်တယောက်လည်း ဖြစ်တဲ့ လီနင်ဟာ လွန်ခဲ့သော နှစ်တရာက ၁၉၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၁ရက်နေ့မှာ ဆုံးပါးသွားခဲ့တယ်။ ဒီမတိုင်ခင်က လုပ်ကြံရေးသမားတဦး ပစ်လိုက်တဲ့ သေနတ်ဒဏ်ရာကြောင့် လီနင် ချက်ချင်းမသေခဲ့ပေမယ့် နောက်ဆက်တွဲ ရောဂါတွေနဲ့ ဆုံးသွားခဲ့ရတယ်။ အဲဒီအချိန်ကစပြီး ဘူဇွှာသမိုင်းပညာရှင်တွေ၊ အရင်းရှင်စနစ် ဘက်တော်သားတွေကနေ အစပြုလို့ အမျိုးမျိုးသော ပြုပြင်ရေးဝါဒီတွေ၊ လစ်ဘရယ်တွေနဲ့ အနာ့ခစ်(စ်) ပေါင်းစုံဟာ လီနင့်နာမည်ကို အသရေဖျက်ဖို့၊ လီနင့်အတွေးအမြင်တွေကို ပုံဖျက်ဖို့အတွက် တောက်လျှောက် ကြိုးစားခဲ့ကြတယ်။ ဒီလူတွေက နေ့ရှိသရွေ့ လီနင်၊ မာ့က်စ်ဝါဒနဲ့ ရပ်ရှားတော်လှန်ရေးကို နာမည်ဖျက်ဖို့လောက်ပဲ သူတို့အလုပ်လို့ မှတ်ထားကြတာ။ သူတို့ ဒီလိုလုပ်နေတာ ဘဏ်သူဌေးတွေနဲ့ အရင်းရှင်ကြီးတွေရဲ့ “ဒီမိုကရက်တစ်” အုပ်စိုးမှု အကျိုးစီးပွားတွေအတွက်ပဲ။
မကြာသေးခင်က ပါမောက္ခ ရောဘတ်ဆားဗစ် ရေးထားတဲ့ “Lenin : A Political Life, The Iron Ring” အမည်ရှိ သမိုင်းစာအုပ်မှာ အခုလို ဆိုထားတယ် -
“ဒီစာအုပ်ကို မျှမျှတတပဲ [!] ရေးဖို့၊ ရှုထောင့်ပေါင်းစုံက ချဉ်းကပ်ဖို့ ကြိုးစားခဲ့ပေမဲ့လည်း ဘယ်သူမှ လီနင့်အကြောင်းကို ဘက်မလိုက်ဘဲ ရေးနိုင်မှာ မဟုတ်ဘူး။ လီနင့်ရဲ့ အာဏာရှင်ဆန်ဆန် ချုပ်ချယ်နှိပ်ကွပ်မှုတွေဟာ ကျနော့်ကို တုန်လှုပ်ချောက်ချားသွားစေတယ်”။
နောက်ထပ် “ဘက်မလိုက်လိုသော” သမိုင်းပညာရှင်တယောက်ဖြစ်တဲ့ အန်ထော်နီ ရိ(ဒ်) ကတော့ ဘယ်လို သက်သေသက္ကာယမှ မရှိဘဲ ၁၉၀၃ ပါတီ ကွန်ဂရက်မှာ လီနင်ဟာ လူနည်းစု ဖြစ်ခဲ့တယ်၊ ပြီးတော့ (ရပ်ရှားလို လူများစုလို့ အဓိပ္ပါယ်ရသော) “ဘော်ရှီဗစ်” ဆိုတဲ့ နာမည်ကို ရွေးချယ်လိုက်တယ်၊ “လီနင်ဟာ အာဏာရဖို့ဆိုရင် ဘယ်အခွင့်အရေးကိုမှ လက်လွှတ်မခံတတ်သူပဲ”လို့ စွပ်စွဲထားတယ်။ “ဒါ့ကြောင့် ဘော်ရှီဗစ်ဇင်ဟာ ကနဦးကတည်းက အလိမ်အညာပေါ်မှာ တည်ဆောက်ထားခြင်း ဖြစ်ပြီး နောင်နှစ်ပေါင်း ကိုးဆယ်ကြာသည်[1]အထိ နမူနာယူစရာ သာဓကတခု ဖြစ်နေဆဲ”လို့ ဆိုထားတယ်။
မစ္စတာရိ(ဒ်)က ဒေါသတကြီးနဲ့ အခုလို ဝေဖန်တိုက်ခိုက်ထားသေးတယ်။ “လီနင့်အတွက် ဒီမိုကရေစီ ဆိုတာ မရှိ၊ လူထုကိုလည်း နည်းနည်းမှ မယုံသလို အကြမ်းဖက်လိုက်ဖို့လည်း နည်းနည်းမှ ဝန်မလေးဘူး”တဲ့။ (The World on Fire, 1919 and the Battle with Bolshevism, pp.3-4, Jonathan Cape, 2008)
ဒီလို မုသာဝါဒတွေထဲမှာ အကြောင်းအရာအသစ်ရယ်လို့ မရှိဘူး။ ဒီအလိမ်အညာတွေဟာ လီနင့် ရေးသားချက်တွေအပေါ် အခြေခံမထားဘူး။ လီနင်နဲ့ ရပ်ရှားတော်လှန်ရေးရဲ့ “မကောင်းမှု”တွေကို ဖော်ထုတ်ရာမှာ “ဧတဒဂ်”ရ ပုဂ္ဂိုလ်နှစ်ဦးဖြစ်သော ပါမောက္ခ အော်လန်ဒို ဖစ်(ဂ်ျစ်) နဲ့ ရောဘတ် ဆားဗစ် တို့ရဲ့ လုပ်ဇာတ်တွေကိုပဲ အခြေခံထားတယ်။ စတာလင်ဝါဒကို မွေးထုတ်ပေးလိုက်တာ လီနင်ပဲ ဆိုတဲ့ လံကြုတ်ဇာတ်ကိုတောင် ရွာရိုးကိုးပေါက် လျှောက်အော်နေလိုက်ကြသေးတယ်။
အလားတူပဲ၊ စတာလင်ဝါဒီတွေဟာလည်း လီနင့်ကို ဘာအန္တရာယ်မှ မပြုနိုင်တဲ့ ကိုးကွယ်စရာ ပြယုဂ်တခုအဖြစ် ပြောင်းပစ်လိုက်တယ်။ သူတို့ရဲ့ ရာဇဝတ်မှုတွေနဲ့ သစ္စာဖောက်မှုတွေကို တရားထူထောင်ပြဖို့ လီနင့် အတွေးအခေါ်တွေကို ဖျက်စီးခဲ့ကြတယ်။ လီနင့်ဇနီး ကရု(ပ်)စကာယာက နောင်မှာ သူ့စကားတွေကို ပြန်ကိုးကားလေ့ရှိတယ် -
“ကြီးမြတ်တဲ့ တော်လှန်ရေးသမားကြီးတွေ ဆုံးပါးသွားတဲ့နောက် သူတို့ရဲ့ သင်ကြားချက်တွေကို ပုံဖျက်ပစ်ကြတာမျိုး သမိုင်းမှာ ရှိခဲ့ဖူးပါတယ်။ လူတွေက သူတို့ကို အန္တရာယ်မရှိတဲ့ ပြယုဂ်တွေအဖြစ် ပြောင်းပစ်ကြတယ်။ သူတို့နာမည်ကို အမွှန်းတင် ဂုဏ်ပြုကြသော်လဲ သူတို့ သင်ကြားချက်တွေရဲ့ တော်လှန်ရေး အသွားကိုတော့ တုံးအောင် လုပ်ပစ်ကြတယ်။”
၁၉၂၆ခုနှစ်မှာ ကရု(ပ်)စကာယာက အခုလို ပြောခဲ့တယ် - “အခုနေ လီနင်သာ အသက်ရှင်နေဦးမယ်ဆိုရင်လဲ စတာလင် ထောင်ချထားလို့ သူလဲ ထောင်ထဲ ရောက်နေလောက်ပြီ”။
လီနင်ဟာ ကျနော်တို့ ခေတ်ရဲ့ အကြီးမြတ်ဆုံး တော်လှန်ရေးသမားတွေထဲက တယောက်ဆိုတာ သံသယဝင်စရာကို မလိုဘူး။ လီနင်ရဲ့ ကြိုးပမ်းချက်တွေကြောင့် ၁၉၁၇ အောက်တိုဘာ တော်လှန်ရေး အောင်ပွဲခံနိုင်ခဲ့တယ်။ သူ့ ကြိုးပမ်းချက်ကြောင့် ကမ္ဘာသမိုင်းကြောင်း ပြောင်းလဲသွားခဲ့တယ်။ လီနင့်ကြောင့်ပဲ ဆိုရှယ်လစ် တော်လှန်ရေးဆိုတာ အပြောသက်သက်ကနေ လက်တွေ့ဖြစ်လာခဲ့တယ်။ ဒါ့ကြောင့်ပဲ လီနင်ဟာ “ကမ္ဘာပေါ်က အမုန်းခံရဆုံးနဲ့ မြတ်နိုးခံရဆုံး လူသား” ဖြစ်ခဲ့တယ်။
လီနင့်ငယ်ဘဝ
လီနင့်ကို ၁၈၇၀ခုနှစ်၊ ဗော်လဂါဒေသ ဆင်းဘက်(စ်ခ်) မြို့မှာ မွေးခဲ့တယ်။ ရပ်ရှားမှာ အကြီးအကျယ် အုံကြွနေတဲ့ အချိန်ကို ကြုံခဲ့ရတာ ဖြစ်တယ်။ ပဒေသရာဇ် မြေရှင်တပိုင်း ရပ်ရှားနိုင်ငံကို ဇာဘုရင် သက်ဦးဆံပိုင်စနစ် အုပ်စိုးနေတဲ့ ကာလ။ ဒီ သက်ဦးဆံပိုင်စနစ်နဲ့ ရင်ဆိုင်နေရတဲ့ တော်လှန်သော ပညာတတ်တွေဟာ ပြည်သူ့ဆန္ဒပါတီရဲ့ တဦးချင်း အကြမ်းဖက်နည်းနာတွေကို မျက်စိကျခဲ့ကြတယ်။ စင်စစ် လီနင့်အကို အလက်ဇန္ဒားတောင်မှ ဇာဘုရင် အလက်ဇန္ဒား(၃) ကို လုပ်ကြံဖို့ ကြိုးစားရာမှာ ပါဝင်ခဲ့တဲ့အတွက် ကြိုးဒဏ်ပေးခံခဲ့ရတယ်။
ဒီကြေကွဲစရာ ဖြစ်ရပ်ကို ကြုံရပြီးနောက်မှာ လီနင် တက္ကသိုလ်တက်ခဲ့တယ်၊ သိပ်မကြာလိုက်ဘူး သူ့ရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကြောင့် ကျောင်းထုတ်ခံလိုက်ရတယ်။ ဒါဟာ သူ့ရဲ့ နိုင်ငံရေး အာသီသကို ပိုပြီး ပြင်းထန်လာစေခဲ့တယ်။ ဒီနောက် မာ့က်စ်ဝါဒ လေ့လာရေးအစုတွေနဲ့ ချိတ်ဆက်မိသွားခဲ့တယ်။ ဒီကနေ မာ့က်စ်ရဲ့ အရင်းကျမ်းကို လေ့လာနိုင်တဲ့အထိ တိုးတက်လာတယ်၊ အဲဒီအချိန်တုန်းက လူနည်းစုလေးပဲ မာ့က်စ်ရဲ့ အရင်းကျမ်းကို ဖတ်နေကြသေးတာ။ နောက် အန်းဂယ်လ်စ်ရဲ့ Anti-Dühring ကျမ်းကို ဆက်လေ့လာခဲ့တယ်။
လီနင်ဟာ ပြည်ပရောက် နယ်နှင်ဒဏ်ခံ အလုပ်သမား လွတ်မြောက်ရေးအဖွဲ့ (Emancipation of Labour Group) နဲ့ ချိတ်ဆက်မိတယ်။ ဒီအဖွဲ့ကို ဦးဆောင်နေတာက ရပ်ရှားမှာ မာ့က်စ်ဝါဒကို စတင်အုတ်မြစ်ချခဲ့တဲ့ ပလက်ခနော့ဗ်။ ပလက်ခနော့ဗ်ကို လီနင်က အယူဝါဒရေးရာ ဖခင်တယောက်အဖြစ် သဘောထားခဲ့တယ်။ အသက်၂၃နှစ် အရောက်မှာတော့ လီနင် ဆမ်မာရာကနေ စိန့်ပီတာစ်ဘတ်ကို ပြောင်းလာပြီး ကနဦး မာ့က်စ်ဝါဒီ အစုတွေထဲက တဖွဲ့ကို တည်ထောင်ခဲ့တယ်။
“သူ့အကိုဖြစ်သူ ကြိုးပေးသတ်ခံရပြီး ခြောက်နှစ်အကြာမှာ လီနင် စိန့်ပီတာစ်ဘတ်ကို ရွှေ့သွားခဲ့တယ်။ ဒီကာလ အပိုင်းအခြားဟာ တိုတောင်းသလို ရှည်လျားလွန်းတဲ့ နှစ်များလဲ ဖြစ်တယ်။ အလုပ်တွေ ဇွတ်ပေလုပ်နေခဲ့တဲ့ ဒီအတောအတွင်းမှာပဲ အနာဂတ်မှာ လီနင် ရယ်လို့ ကျော်ကြားလာမယ့်သူ ဖြစ်ထွန်းခဲ့တယ်။ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ ဘဝအမြင်နဲ့ သူအလုပ်လုပ်တဲ့ ပုံစံတို့ရဲ့ အခြေခံ အင်္ဂါရပ်အားလုံး သူ့အသက် (၁၇)နှစ်နဲ့ (၂၃)နှစ်ကြား ခြောက်နှစ်တာ ကာလအတွင်း ဖြစ်တည်ခဲ့ပြီးပြီ” လို့ ထရော့စကီးက ရှင်းပြခဲ့တယ်။
နိုင်ငံခြား အရင်းအနှီးတွေ အပြုံလိုက်ကြီး ဝင်လာတာက ရပ်ရှားမှာ အရင်းရှင်းစနစ် ဖြစ်ပေါ်တိုးပွားဖို့အတွက် တွန်းအားဖြစ်ခဲ့သလို ငယ်ရွယ်နုပျိုတဲ့ အလုပ်သမား လူတန်းစားကိုလည်း ပေါ်ထွက်လာစေခဲ့တယ်။ လေ့လာရေးအစုတွေ ပေါ်ထွက်လာမှုနဲ့၊ မာ့က်စ်ဝါဒ အတွေးအခေါ်ရဲ့ သက်ရောက်မှုကို တော်လှန်သော ရပ်ရှား ဆိုရှယ် ဒီမိုကရက်တစ် ပါတီ တည်ထောင်ဖို့ ကြိုးစားချက်တွေမှာ တွေ့ရမယ်။
လီနင်ဟာ ပလက်ခနော့ဗ်နဲ့ ၁၈၉၅ ခုနှစ်ကတည်းက ဆွစ်ဇာလန်မှာ ဆုံခဲ့ပြီးပြီ။ ပြန်လာတော့ အဖမ်းခံရတယ်၊ ထောင်ချခံရတယ်၊ နှယ်နှင်ဒဏ် ပေးခံရတယ်။ ရပ်ရှား ဆိုရှယ်ဒီမိုကရက်တစ် လေဘာပါတီ (RSDLP) ရဲ့ ပထမအကြိမ် ကွန်ဂရက်ကို ၁၈၉၈ ခုနှစ်မှာ ကျင်းပခဲ့တယ်။ ဒါပေမဲ့ ကွန်ဂရက်ကို အာဏာပိုင်တွေက ဝင်စီးခဲ့လို့ ကွန်ဂရက် တက်ရောက်သူတွေ အဖမ်းခံခဲ့ရတယ်။
မာ့က်စ်ဝါဒနဲ့ ဘော်ရှီဗစ်ဝါဒ
ပြည်နှင်ဒဏ်ကာလ ပြီးဆုံးသွားရင်ပဲ အစ္စကရာ (မီးပွား) လို့ အမည်ရတဲ့ မာ့က်စ်ဝါဒ သတင်းစာတစောင် ထုတ်ဝေနိုင်ရေးကိုပဲ လီနင် အားသွန် ကြိုးပမ်းခဲ့တယ်။ အစ္စကရာကြောင့်ပဲ မာ့က်စ်ဝါဒက လက်ဝဲ အသိုင်းအဝိုင်းကြား ဩဇာတိက္ကမကြီးတဲ့ အင်အားတခု ဖြစ်လာခဲ့တယ်။ အစ္စကရာကို ရပ်ရှားနိုင်ငံထဲ ခိုးသွင်းခဲ့ရတယ်။ အစ္စကရာဟာ မာ့က်စ်ဝါဒီ အစုလေးတွေကို ခိုင်မာသော နိုင်ငံရေး၊ သဘောတရားရေး အခြေခံတွေပေါ်မှာ နိုင်ငံလုံးဆိုင်ရာ ပါတီတရပ်အဖြစ် စုစည်းနိုင်အောင် အကျိုးပြုခဲ့တယ်။
ဒီကာလမှာပဲ သူ့ရဲ့ နာမည်ကျော် “ဘာလုပ်ကြမလဲ”စာတမ်းကို လီနင် ရေးသားခဲ့ခြင်း ဖြစ်တယ်။ ဒီစာတမ်းထဲမှာ ပရော်ဖက်ရှင်နယ် တော်လှန်ရေးသမားတွေ၊ ဆိုလိုတာက အရေးတော်ပုံအတွက် အချိန်ပြည့် မြှုပ်နှံထားသူတွေနဲ့ ဖွဲ့စည်းထားသော ပါတီတရပ် တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးထားတယ်။
၁၉၀၃ ခုနှစ်မှာ ရပ်ရှား ဆိုရှယ် ဒီမိုကရက်တစ် လေဘာပါတီရဲ့ ဒုတိယအကြိမ် ကွန်ဂရက်ကို ကျင်းပခဲ့တယ်။ ပြောမယ်ဆိုရင် ဒီတကြိမ် ကွန်ဂရက်ကမှ ပါတီ ဖွဲ့စည်းတည်ထောင်ခြင်း ကွန်ဂရက် အစစ်ပဲ။ ဒီကွန်ဂရက်မှာပဲ အစ္စကရာ ရဲဘော်တွေက ပါတီတွင်း ဩဇာကြီးမားတဲ့ အင်အားစု ဖြစ်ခဲ့တယ်။ ဒါပေမဲ့ အဖွဲ့အစည်း ကိစ္စတွေနဲ့ ပတ်သက်လို့ နောက်ပိုင်း အစီအစဉ်တွေမှာ လီနင်နဲ့ မားတော့ဗ်ကြား ဗြောင်အကွဲအပြဲ ဖြစ်သွားခဲ့တယ်။ နှစ်ယောက်လုံးက အစ္စကရာ သတင်းစာရဲ့ အယ်ဒီတာ အဖွဲ့ဝင်တွေ။ လီနင်နဲ့အတူ ရပ်တည်တဲ့ လူအများစုကို “ဘော်ရှီဗစ်တွေ”လို့ ခေါ်ခဲ့ကြပြီး၊ မားတော့ဗ်ဘက်က ရပ်တည်တဲ့ လူနည်းစုကိုတော့ “မင်ရှီဗစ်တွေ”လို့ ခေါ်ခဲ့ကြတယ်။
အကွဲအပြဲနဲ့ ပတ်သက်ပြီး ယုံတမ်းစကားတွေတော့ အများကြီးပဲ။ ဒီအကွဲအပြဲမျိုး ကြုံရလိမ့်မယ်လို့ ကွန်ဂရက် တက်ရောက်သူ အများစု ထင်မထားခဲ့ဘူး။ လီနင်ကိုယ်တိုင် မယုံနိုင်ဖြစ်ခဲ့ရတယ်။ အဲဒီအချိန်ထိ နိုင်ငံရေးအရ သဘောထားကွဲတာမျိုး မရှိသေးဘူး။ နိုင်ငံရေး သဘောထားကွဲလွဲမှုတွေ ဒီနောက်မှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်တယ်။ လီနင်ဟာ ဒီအင်အားစု နှစ်ရပ်ကို စေ့စပ်ဖို့ ကြိုးစားခဲ့သေးတယ်။ အောင်တော့ မအောင်မြင်ပါဘူး။ နောင်အခါ လီနင်က ဒီအကွဲအပြဲကို နောင်ဖြစ်လာမဲ့ အရေးကြီး ကွဲလွဲချက်တွေရဲ့ “ရှေ့ပြေး”လို့ ပြောခဲ့တယ်။
ရပ်ရှား တော်လှန်ရေးအပေါ် ရှုမြင်ချက်တွေ မတူရာက ဒီကွဲလွဲချက်တွေ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်တယ်။ အင်အားစုအားလုံးက ဖြစ်လာတော့မယ့် တော်လှန်ရေးကို “ဘူဇွှာ ဒီမိုကရေစီ”တော်လှန်ရေးလို့ မြင်ခဲ့ကြတယ်။ ပြောရရင် မြေရှင်စနစ်ဟောင်းကို ဖယ်ရှားပြီး အရင်းရှင်စနစ် ဖြစ်ပေါ်တိုးပွားရေးအတွက် လမ်းရှင်းပေးမဲ့ တော်လှန်ရေးလို့ ယူဆကြတယ်။ ဒါပေမဲ့ ဒီတော်လှန်ရေးမှာ အလုပ်သမား လူတန်းစားက ဘူဇွှာ လူတန်းစား ဦးဆောင်မှု နောက်ကို လိုက်ရမယ်လို့ မင်ရှီဗစ်တွေက ကြေညာခဲ့တယ်။ ဘော်ရှီဗစ်တွေကတော့ လစ်ဘရယ် ဘူဇွှာတွေဟာ တော်လှန်ရေးကို ဦးမဆောင်ဘူးလို့ ယုံကြည်ထားတယ်။ အကြောင်းက သူတို့ဟာ မြေရှင်ကြီးစနစ်နဲ့ရော နယ်ချဲ့စနစ်နဲ့ပါ ပူးချည်ခံထားရသူတွေ။ ဒါ့ကြောင့် အလုပ်သမား လူတန်းစားက လယ်သမားထု ထောက်ခံမှုကို ရယူပြီး တော်လှန်ရေးကို ဦးဆောင်ရမယ်လို့ ဘော်ရှီဗစ်တွေက ယုံကြည်တယ်။ အလုပ်သမား လူတန်းစားက “ပစ္စည်းမဲ့ လူတန်းစားနဲ့ လယ်သမား လူတန်းစား ပူးတွဲ ဒီမိုကရေစီ အာဏာရှင်စနစ်”(democratic dictatorship of proletariat and peasantry) ကို ထူထောင်သွားလိမ့်မယ်။ ဒီလို ဖြစ်သွားရင် အနောက် အရင်းရှင်နိုင်ငံတွေမှာ ဆိုရှယ်လစ် တော်လှန်ရေး ထွက်ပေါ်လာအောင် လှုပ်နှိုးပေးလိမ့်မယ်။ အနောက်မှာသာ ဆိုရှယ်လစ် တော်လှန်ရေး ဖြစ်သွားခဲ့ရင် ရုရှား တော်လှန်ရေးကို အထောက်အကူ ပေးလာမှာပဲ။
ထရော့စကီးက တတိယ အမြင် ကိုင်စွဲထားခဲ့တယ်။ တော်လှန်ရေးကို အလုပ်သမား လူတန်းစားကပဲ ဦးဆောင်နိုင်မယ်ဆိုတဲ့ အချက်မှာ လီနင်နဲ့ အမြင်တူတယ်။ ဒါပေမဲ့ အလုပ်သမား လူတန်းစားက တော်လှန်ရေး လမ်းခုလပ်မှာ ရပ်နေနိုင်မှာ မဟုတ်ဘူး၊ ဆိုရှယ်လစ် လုပ်ငန်းစဉ်တွေကို ဆက်လုပ်သွားလိမ့်မယ်၊ ဒါသည်ပင် ကမ္ဘာ့ ဆိုရှယ်လစ် တော်လှန်ရေးရဲ့ အရုဏ်ဦး ဖြစ်သွားလိမ့်မယ်လို့ ထရော့စကီး ယုံကြည်ခဲ့တယ်။ အဆုံးမတော့ ၁၉၁၇ အောက်တိုဘာ တော်လှန်ရေး လက်တွေ့ဖြစ်ရပ်တွေက ထရော့စကီးရဲ့ “စဉ်ဆက်မပြတ် တော်လှန်ရေး”ဟောကိန်း မှန်ကန်ကြောင်း သက်သေပြပေးသွားခဲ့တယ်။
အင်တာနေရှင်နယ်ဝါဒ
၁၉၀၅ ရပ်ရှား တော်လှန်ရေးက အလုပ်သမား လူတန်းစားရဲ့ ဦးဆောင်မှု အခန်းကဏ္ဍကို လက်တွေ့ပြသွားခဲ့တယ်။ လစ်ဘရယ်တွေ အပြေးအလွှား ပုန်းရှောင်ကြချိန်၊ အလုပ်သမားတွေက ဆိုဗီယက်တွေကို ထူထောင်ခဲ့တယ်။ လီနင်က ဒီဆိုဗီယက်တွေကို အလုပ်သမား လူတန်းစား အုပ်စိုးမှုရဲ့ သန္ဓေသားလို့ အသိအမှတ်ပြုခဲ့တယ်။ တော်လှန်ရေးနဲ့အတူ ရပ်ရှား ဆိုရှယ် ဒီမိုကရက်တစ် လေဘာပါတီလဲ အင်အားကောင်းလာခဲ့တယ်။ ဒီရေမြင့်သစ် အခြေအနေက ပါတီတွင်း အင်အားစုနှစ်ရပ်ကို ကျောချင်းကပ်သွားစေခဲ့တယ်။
ဒါပေမဲ့ ၁၉၀၅ တော်လှန်ရေး ရှုံးနိမ့်သွားတဲ့အခါ အလွန်ရက်စက်သော ဖောက်ပြန်ရေး ကာလကြီးကို ရင်ဆိုင်ခဲ့ရတယ်။ ပါတီဟာ အခက်အခဲ မီးပင်လယ်ပြင်ထဲ လက်ပစ်ကူးခဲ့ရပြီး လူထုနဲ့ ပိုပိုပြီး ကင်းကွာလာခဲ့တယ်။ ဘော်ရှီဗစ်တွေနဲ့ မင်ရှီဗစ်တွေကြား နိုင်ငံရေးဆိုင်ရာ၊ အဖွဲ့အစည်းဆိုင်ရာ အကွဲအပြဲတွေ ပိုကြီးမားလာခဲ့တယ်၊ ၁၉၁၂ ခုနှစ်ကျတော့ ဘော်ရှီဗစ် အင်အားစုက သီခြားပါတီတရပ်အဖြစ် ရပ်တည်လိုက်တယ်။
ဒီနှစ်ကာလများမှာ ထရော့စကီးက ဘော်ရှီဗစ်နဲ့ မင်ရှီဗစ်တွေကြား “ရင်ကြားစေ့ပေးသူ” အဖြစ် ရပ်တည်ခဲ့တယ်။ ဘယ်အင်အားစုမှာမှ မပါဘဲ သီးခြားရပ်တည်ခဲ့တယ်။ အုပ်စုနှစ်စု “ညီညွတ်ရေး”ကို လှုံ့ဆော်ခဲ့တယ်။ ဒီကိစ္စကြောင့်ပဲ လီနင်နဲ့ ထိပ်တိုက်တွေ့ခဲ့ရတယ်။ လီနင်က ဘော်ရှီဗစ် အင်အားစုရဲ့ နိုင်ငံရေးဆိုင်ရာ လွတ်လပ်အမှီအခိုကင်းမှုကို အထိအပါး မခံခဲ့ဘူး။ နောင်မှာ စတာလင်နစ်(စ်)တွေက ထရော့စကီးရဲ့ သိက္ခာချဖို့ အဲဒီပဋိပက္ခကို အသုံးချလာကြတယ်။ လီနင်က သူ့ရဲ့ သေတမ်းစာမှာ ထရော့စကီးရဲ့ “ဘော်ရှီဗစ် မဟုတ်ခဲ့သော အတိတ်”ကို အသုံးချပြီး ဆန့်ကျင်ထိုးနှက်ခြင်း မပြုရလို့ အတိအလင်း ထည့်ရေးထားခဲ့ပေမယ့် မရဘူး။ အမြဲပုံဖျက် ထိုးနှက်လေ့ရှိတယ်။
၁၉၁၂ နောက်ပိုင်း အလုပ်သမား လှုပ်ရှားမှုတွေ တကျော့ပြန် အားကောင်းလာတဲ့အခါ ဘော်ရှီဗစ် ပါတီအပေါ် ထောက်ခံမှုလဲ သိသိသာသာကြီး တိုးလာခဲ့တယ်။ ရပ်ရှား အလုပ်သမား အများစုကြီးက ဘော်ရှီဗစ် ပါတီကို ထောက်ခံခဲ့ကြတာ ဖြစ်တယ်။ ဒါပေမဲ့ ပထမ ကမ္ဘာစစ်ကြီး ထဖြစ်တော့ အဲဒီတိုးတက်မှုလဲ ရပ်တန့်သွားခဲ့တယ်။
၁၉၁၄ ဩဂတ်စ်မှာ ဒုတိယ အင်တာနေရှင်နယ် ခေါင်းဆောင်တွေ (ပစ္စည်းမဲ့ လူတန်းစားကို) သစ္စာဖောက်ပြီး၊ (အရင်းရှင်တွေကို) အရှုံးပေးလိုက်ခြင်းဟာ နိုင်ငံတကာ ဆိုရှယ်လစ်ဇင်ကို အရှိုက်ထိုးလိုက်သလိုပဲ။ တကယ်တော့ ဒါဟာ ဒုတိယ အင်တာနေရှင်နယ် သေဆုံးသွားခြင်းပဲ။
၁၉၁၅ ဇင်မာဝဲလ်ဒ်မှာ ကျင်းပတဲ့ နယ်ချဲ့စစ်ဆန့်ကျင်ရေး ကွန်ဖရင့်မှာ ကမ္ဘာတလွှားက လက်တဆုပ်စာ အင်တာနေရှင်နယ်ဝါဒီတွေ ပြန်စုစည်းမိကြတယ်။ အလုပ်သမား အင်တာနေရှင်နယ် အသစ် ထူထောင်ဖို့ လိုအပ်ကြောင်း အဲဒီကွန်ဖရင့်မှာပဲ လီနင် ပြောခဲ့တယ်။ အမှောင်ဖုံးနေတဲ့ နှစ်တွေကို ရင်ဆိုင်ခဲ့ရတယ်။ မာ့က်စ်ဝါဒ အင်အားစုတွေ လုံးဝ အထီးတည်း ဖြစ်သွားခဲ့ပြီ။ တော်လှန်ရေး အလားအလားက ရှေ့မှာ ဝါးတားတားပဲ ရှိတယ်။ ၁၉၁၇ ဇန်နဝါရီက ဇူးရစ်ခ်ျ မြို့မှာ ပြုလုပ်တဲ့ ဆွစ်ဇ် လူငယ် ဆိုရှယ်လစ်များ အစည်းအဝေးမှာ လီနင် မိန့်ခွန်းပြောခဲ့တယ်။ အဲဒီအစည်းအဝေးမှာ လီနင်က “အခြေအနေတွေဟာ သေချာပေါက် ပြောင်းလဲသွားမှာပါ၊ ဒါပေမဲ့ တော်လှန်ရေးကို မျက်မြင်ကြုံရဖို့အထိတော့ သူ နေရမယ်မထင်ဘူး” လို့ မှတ်ချက်ပြုခဲ့တယ်။ ဒါပေမဲ့ တလဆိုတဲ့ အချိန်လေးအတွင်းမှာပဲ ရပ်ရှား အလုပ်သမား လူတန်းစားက ဇာဘုရင်စနစ်ကို ဖြုတ်ချပစ်ခဲ့ပြီး အာဏာနှစ်ရပ် စင်ပြိုင်တည်ရှိနေသော အခြေအနေ[2] ရောက်ရှိသွားခဲ့တယ်။ နောက်ကိုးလအကြာမှာ လီနင်က ပြည်သူ့ ကော်မစ်ဆာများ[3] အစိုးရကို ခေါင်းဆောင်နေရပြီ။
ရပ်ရှားတော်လှန်ရေး
ဇူးရစ်ခ်ျမှာ ရှိနေတုန်းမို့ လီနင်ဟာ ရပ်ရှားက နောက်ဆုံးရ သတင်းတွေ သိရအောင် သတင်းစာတွေကို သည်းကြီးမည်းကြီး စောင့်ဖတ်ရတယ်။ အဲဒီအချိန်တုန်းက ဆိုရှယ်လစ် ရက်ဗလူရှင်နရီ ပါတီဝင်တွေ (SRs) နဲ့ မင်ရှီဗစ်တွေ ကြီးစိုးနေသော ဆိုဗီယက်တွေဟာ သက်ဦးဆံပိုင်စနစ် ဘက်တော်သား မင်းသားကြီး လုဗို့ဗ် (Lvov) ဦးဆောင်နေတဲ့ ကြားဖြတ်အစိုးရလက်ထဲ အာဏာ ထိုးအပ်လိုက်တယ်။ ဒီသတင်းကို သိသိချင်းမှာပဲ တွေဝေယိမ်းယိုင်နေတဲ့ ကာမီညက်ဖ်နဲ့ စတာလင်ဆီ လီနင်က ကြေးနန်းရိုက်တယ်။ “ကြားဖြတ်အစိုးရကို လုံးဝ မထောက်ခံနဲ့။ ကယ်ရင်န်စကီကို လုံးဝ မယုံနဲ့”
ပြည်ပက စာလှမ်းရေးပြီး လီနင်က ခုလို သတိပေးခဲ့တယ် -
“ငါတို့ တော်လှန်ရေးက ဘူဇွှာတော်လှန်ရေးဖြစ်တယ်၊ ဒါကြောင့် အလုပ်သမားထုက ဘူဇွှာ လူတန်းစားကို ထောက်ခံရမယ်လို့ Potresovs၊ Gvozdyovs နဲ့ Chkheidzes တို့က ပြောကြတယ်။ အရင်က ပလက်ခနော့ဗ် ပြောခဲ့သလို သံယောင်လိုက်နေကြတာပဲ။
“ဒါဟာ ဘူဇွှာ တော်လှန်ရေးပဲလို့ ငါတို့ မာ့က်စ်ဝါဒီတွေ ပြောတယ်၊ ဒါကြောင့်ပဲ ဘူဇွှာ နိုင်ငံရေးသမားတွေရဲ့ ကောက်ကျစ်စဉ်းလဲမှုတွေကို လူထု မြင်လာအောင် အလုပ်သမားထုက လုပ်ပေးရမယ်၊ လူထုကိုယ်တိုင် ကိုယ့်အင်အား၊ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်ညီညွတ်မှုနဲ့ ကိုယ်ပိုင် လက်နက်ကိုပဲ ယုံကြည်အားထားဖို့၊ ဘူဇွာတွေရဲ့ အပြောကို မယုံစားဖို့ သင်ကြားပေးရမယ်။ အလုပ်သမား လူတန်းစားနဲ့ လူထုတရပ်လုံးရဲ့ အဖွဲ့အစည်း ဆိုပြီး အံ့ဩလောက်အောင် စုစည်းမှုတွေ ခင်ဗျားတို့ လုပ်နိုင်ရမယ်၊ ဒီလို အံ့ဖွယ်သူရဲ စွမ်းဆောင်ထားနိုင်မှ တော်လှန်ရေး ဒုတိယအဆင့်မှာ အောင်ပွဲအရယူနိုင်လိမ့်မယ်။”
ဆွစ်ဇ် အလုပ်သမားတွေဆီ ရေးတဲ့ နှုတ်ဆက်စာထဲမှာ လီနင်က အဓိကလုပ်ငန်းကို အခုလို ရှင်းပြခဲ့တယ်။ “ငါတို့ရဲ့ တော်လှန်ရေးကို ကမ္ဘာ့ ဆိုရှယ်လစ် တော်လှန်ရေးရဲ့ အဖွင့်နိဒါန်းဖြစ်လာအောင် လုပ်ကြ”။
၁၉၁၇၊ ဧပရယ်လ် (၃)ရက်နေ့ ရပ်ရှားကို လီနင် ပြန်ရောက်တော့ သူ့ရဲ့ ဧပရယ် စစ်တမ်းတွေကို တင်ခဲ့တယ်။ ဒုတိယတချီ ရပ်ရှား တော်လှန်ရေးဟာ ကမ္ဘာ့ ဆိုရှယ်လစ် တော်လှန်ရေးရဲ့ ပထမ ခြေလှမ်း ဖြစ်ရမယ်လို့ ဆိုထားတယ်။ ဒီရေမြင့်သစ် အခြေအနေကို အမီမလိုက်နိုင်ဘဲ နောက်ကျကျန်နေခဲ့တဲ့ ဘော်ရှီဗစ် လူဟောင်းကြီးတွေကို ဆန့်ကျင်ပြီး ဘော်ရှီဗစ် ပါတီကို ‘လက်နက် ပြန်တပ်ဆင်ဖို့’ လီနင် တိုက်ခဲ့ရတယ်။
“အခုချိန်မှာ ‘ပစ္စည်းမဲ့ လူတန်းစားနဲ့ လယ်သမား လူတန်းစားရဲ့ တော်လှန်သော ဒီမိုကရက်တစ် အာဏာရှင်စနစ်’ကို လာပြောနေတဲ့သူတွေဟာ အတိတ်ကာလမှာ ပြတ်ကျန်နေခဲ့တဲ့ လူတွေပဲ။ အဲဒါကြောင့် ဒီလူတွေဟာ ပစ္စည်းမဲ့ လူတန်းစား တိုက်ပွဲကို ဆန့်ကျင်ပြီး ပက်တီးဘူဇွှာ လူတန်းစားဘက်ကို ရောက်သွားတော့တယ်။ ဒီလို လူတွေကို တော်လှန်ရေးအကြို ရှေးဟောင်း ‘ဘော်ရှီဗစ်’မော်ကွန်းတိုက်ထဲ ထည့်ထားသင့်တယ်။ (‘ဘော်ရှီဗစ်ဟောင်းကြီးများ’ မော်ကွန်းတိုက်လို့ ခေါ်နိုင်လိမ့်မယ်)”
လီနင်ဟာ ပါတီဝင်ထုရဲ့ ထောက်ခံမှုရလာအောင် ကြိုးစားခဲ့တယ်။ သူ့အမြင်တွေကို “ထရော့စကီးဝါဒ”လို့ ရွဲ့တဲ့တဲ့ စွပ်စွဲပြောဆိုနေတဲ့ ပါတီ ခေါင်းဆောင်ပိုင်းရဲ့ ခုခံငြင်းဆန်မှုကို ကျော်လွှားခဲ့ရတယ်။ အမှန်တော့ လီနင်က ထရော့စကီးရဲ့ “စဉ်ဆက်မပြတ် တော်လှန်ရေး သဘောတရား” ရပ်တည်ချက်ဆီ သူ့နည်းနဲ့သူ ရောက်ရှိသွားခြင်း ဖြစ်တယ်။
မေလထဲမှာ ထရော့စကီး ရပ်ရှားကို ပြန်ရောက်လာတယ်။ ဒါတောင် ကနေဒါမှာ ဗြိတိန်အာဏာပိုင်တွေ ထိန်းသိမ်းတာ ခံလိုက်ရသေးတယ်။ “ကျနော် ပီထရိုဂရက်ကို ပြန်ရောက်ပြီး နှစ်ရက်မြောက်မှာလား၊ သုံးရက်မြောက်မှာလားတော့ မသိဘူး၊ လီနင်ရဲ့ ဧပရယ်လ် စစ်တမ်းများကို ဖတ်ရတယ်။ တော်လှန်ရေးက လိုအပ်နေတာ ဒါပဲ”လို့ ထရော့စကီးက ရှင်းပြခဲ့တယ်။ လီနင်နဲ့သူ တွေးပုံတူတယ်။ လီနင်နဲ့ သဘောတူညီချက်ယူပြီး ထရော့စကီးက Inter-District Organisation ကို ဝင်ခဲ့တယ်။ အဲဒီအဖွဲ့အစည်းကို ဘော်ရှီဗစ်တွေဘက် သိမ်းသွင်းစည်းရုံးဖို့ ရည်ရွယ်ထားခဲ့တယ်။ ထရော့စကီးဂာ ဘော်ရှီဗစ်တွေနဲ့ နီးနီးကပ်ကပ် လက်တွဲ အလုပ်လုပ်ခဲ့တယ်၊ နေရာတိုင်းမှာ သူ့ကိုယ်သူ “ကျနော်တို့ နိုင်ငံတကာ့ဝါဒီ-ဘော်ရှီဗစ်တွေက” ဆိုတာမျိုး အမြဲသုံးခဲ့တယ်။
အာဏာရလာခြင်း
မင်ရှီဗစ်တွေနဲ့ ညီညွတ်ရေး တည်ဆောက်လို့ မဖြစ်နိုင်မှန်း ထရော့စကီး အခိုင်အမာ ယုံကြည်သွားတဲ့အခါ “သူ့ထက်ပိုတော်တဲ့ ဘော်ရှီဗစ် မရှိတော့ဘူး” လို့ ၁၉၁၇ နိုဝင်ဘာ (၁)ရက်နေ့၊ ပီထရိုဂရက် ကော်မတီ အစည်းအဝေးမှာ လီနင် ပြောခဲ့တယ်။ နောက်(၂)နှစ်အကြာ တော်လှန်ရေးကို ပြန်သုံးသပ်တဲ့အခါ လီနင်က အခုလို ရေးသားခဲ့တယ်။ “အာဏာရလာပြီး၊ ဆိုဗီယက် သမ္မတနိုင်ငံကို ထူထောင်တဲ့အချိန်မှာ ဗော်ရှီဗစ်ဇင်ဟာ ဆိုရှယ်လစ် အတွေးအခေါ် ရေစီးကြောင်းထဲက သူနဲ့ အနီးစပ်ဆုံး၊ အကောင်းဆုံး အစိတ်အပိုင်းတွေကို ဆွဲယူသိမ်းသွင်းနိုင်ခဲ့တယ်”
“လီနင်က ကျနော့်ဘက်ကို ပြောင်းလာတာ မဟုတ်ပါဘူး။ ကျနော်က လီနင့်ဘက်ကို ပြောင်းသွားတာပါ။ တခြားသူတွေထက် အများကြီး နောက်ကျပြီးမှ ကျနော် သူနဲ့ ပူးပေါင်းဖြစ်ခဲ့တယ်လို့ ထရော့စကီးက ရိုးရိုးသားသားပဲ ပြောခဲ့ပါတယ်။ “ဒါပေမဲ့ အရဲစွန့်ပြီး ပြောရရင်ဗျာ သူ့ကို နားလည်တဲ့နေရာမှာတော့ တခြားသူတွေထက် မညံ့ပါဘူး”
၁၉၁၇ အောက်တိုဘာ တော်လှန်ရေး မတိုင်မီ ရှေ့ပိုင်းလပိုင်းတွေမှာ မင်ရှီဗစ်နဲ့ ဆိုရှယ်လစ် ရက်ဗလူရှင်နရီတွေ လွှမ်းမိုးထားတဲ့ ဆိုဗီယက်တွေကို အရင်းရှင် ဝန်ကြီးတွေနဲ့ လမ်းခွဲပြီး အာဏာအရယူဖို့ လီနင်က တိုက်တွန်းခဲ့တယ်၊ ဒါပေမဲ့ သူတို့က ခေါင်းမာမာနဲ့ပဲ ငြင်းပယ်ခဲ့ကြတယ်။ ဒါပေမဲ့ “ပေါင်မုန့်၊ မြေယာနဲ့ ငြိမ်းချမ်းရေး ချက်ချင်းပေး၊ အာဏာအားလုံး ဆိုဗီယက် လက်ကိုအပ်” ဆိုတဲ့ ဘော်ရှီဗစ် ကြွေးကြော်သံတွေကို လူထုက တခဲနက် ထောက်ခံလာကြတယ်။ ဇွန်လ လူထု အင်အားပြပွဲကြီးတွေဟာ ဒီအပြောင်းအလဲကို ထင်ဟပ်ပြသနေတယ်။ ဒါ့ကြောင့်ပဲ ဝန်ကြီးချုပ်အသစ် ကယ်ရင်(န်)စကီက ဘော်ရှီဗစ်တွေကို စတင်နှိပ်ကွပ်လာတော့တယ်။ “ဇူလိုင် နေ့ရက်များ”မှာတော့ ဘော်ရှီဗစ်တွေ မြေအောက်လျှိုးသွားရပြီ။ ဘော်ရှီဗစ်တွေကို “ဂျာမန် သူလျှိုတွေ”လို့ စွပ်စွဲပြီး ကယောင်ချောက်ချား စစ်ဆင်ရေးကြီး လုပ်လာတယ်။ ဒါ့ကြောင့် လီနင်နဲ့ ဇီနိုဗီယက်(ဗ်)တို့ မြေအောက်လျှိုးခဲ့ရပြန်တယ်၊ ထရော့စကီး၊ ကာမီညက်ဖ်၊ ကိုလွန်တိုင်းနဲ့ တခြား ဘော်ရှီဗစ် ခေါင်းဆောင်တွေ အဖမ်းခံခဲ့ရတယ်။
ဩဂုတ်လထဲမှာ ဗိုလ်ချုပ်ကော်နီလော့(ဖ်)က သူ့ကိုယ်ပိုင် ဖက်ဆစ် အာဏာရှင်စနစ် ထူထောင်ဖို့ ကြိုးစားလာတယ်။ ကော်နီလော့(ဖ်)ရန်ကို ကြောက်ပြီး တပ်ကူ အသည်းအသန်လိုအပ်နေတဲ့ အစိုးရက ထရော့စကီးနဲ့ တခြားဘော်ရှီဗစ်တွေကို လွှတ်ပေးလိုက်တယ်။ ဘော်ရှီဗစ် အလုပ်သမားတွေနဲ့ စစ်သားတွေဟာ တိုက်ပွဲထဲ အစားထိုးဝင်ရောက်လာပြီး ကော်နီလော့(ဖ်)ရဲ့ တန်ပြန်တော်လှန်ရေးကို လမ်းခုလတ်မှာတင် ပွဲသိမ်း အနိုင်ယူပစ်ခဲ့တယ်။
ဒီအခါ ဘော်ရှီဗစ် ပါတီအပေါ် လူထု ထောက်ခံမှုက ဒီရေလို ထိုးတက်သွားခဲ့တယ်။ မော်စကိုနဲ့ ပီထရိုဂရက် ဆိုဗီယက်တွေမှာ ဘော်ရှီဗစ်တွေက အများစုကြီး ဖြစ်သွားခဲ့ပြီ။ ပီထရိုဂရက် ဆိုဗီယက် ရွေးကောက်ပွဲတွေနဲ့ ပတ်သက်ပြီး ထရော့စကီးက “ငါတို့ဟာ အောင်ပွဲရသူတွေ ဖြစ်ခဲ့ပြီ”လို့ ကြေငြာခဲ့တယ်။ ဒီအောင်ပွဲက အဆုံးအဖြတ်သဘော ဖြစ်ခဲ့တယ်၊ ဒီနောက် ဖြစ်လာမယ့် အောက်တိုဘာ တော်လှန်ရေး အောင်ပွဲအတွက် အလွန်အရေးကြီးသော လှေကားထစ်တခု ဖြစ်ခဲ့တယ်။
အဲဒီအချိန် ဖင်လန်(ဒ်)နိုင်ငံမှာ ပုန်းအောင်းနေရတဲ့ လီနင်က ဘော်ရှီဗစ် ခေါင်းဆောင်တွေကို စိတ်မရှည် ဖြစ်လာခဲ့တယ်။ ဒီလူတွေ အချိန်ဆွဲနေမှာကို လီနင် စိုးရိမ်ခဲ့တယ်။ “လက်တွေ့ဖြစ်ရပ်တွေက ငါတို့လုပ်ရမယ့် တာဝန်ကို ရှင်းရှင်းလင်းလင်း ပြဋ္ဌာန်းပေးထားတယ်၊ ဒီအချိန်မှာ ဖင့်နှေးနေခြင်းဟာ သေလောက်တဲ့ အမှားကို ကျူးလွန်တာပဲ”လို့ ဗဟိုကော်မတီထံ ပေးစာတစောင်မှာ လီနင် ရှင်းပြခဲ့တယ်။ “ထပ်စောင့်နေရင် တော်လှန်ရေးအပေါ် ပြစ်မှုကျူးလွန်ရာ ရောက်သွားမယ်” လို့ ဆိုထားတယ်။ အောက်တိုဘာမှာတော့ ဗဟိုကော်မတီက ဇီနိုဗီယက်ဖ်နဲ့ ကာမီညက်ဖ်တို့ရဲ့ ကန့်ကွက်မဲတွေကို ဆန့်ကျင်ပြီး အာဏာအရယူဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ ဇီနိုဗီယက်ဖ်နဲ့ ကာမီညက်ဖ်တို့ နှစ်ယောက်က ကြေညာချက် တစောင်ထုတ်ပြီး ဘယ်လို သူပုန်မှုမျိုးကိုမှ လက်မခံကြောင်း၊ ပါတီအနေနဲ့ တိုင်းပြုပြည်ပြု လွှတ်တော် ခေါ်ယူရေးကိုပဲ ရှေးရှုသင့်ကြောင်း လူသိရှင်ကြား ထကြေငြာခဲ့တယ်။
၁၉၁၇ အောက်တိုဘာ(၂၅)မှာ ပီထရိုဂရက် ဆိုဗီယက်ရဲ့ တော်လှန်ရေး စစ်ကော်မတီ ခေါင်းဆောင်ဖြစ်တဲ့ ထရော့စကီးက အာဏာလွှဲပြောင်းရေး ချောချောမွေ့မွေ့ ပြီးသွားအောင် အလျင်အမြန် ဆောင်ရွက်ခဲ့တယ်။ တော်လှန်ရေးဟာ သွေးမြေမကျဘဲ အေးအေးသက်သာ အောင်ပွဲရခဲ့ပါတယ်။ နောက်တနေ့ အောက်တိုဘာ (၂၆)မှာ ကျင်းပသော ရပ်ရှားနိုင်ငံလုံးဆိုင်ရာ ဆိုဗီယက်များရဲ့ ဒုတိယအကြိမ် ညီလာခံမှာ တော်လှန်ရေး ရလဒ်တွေကို ကြေငြာခဲ့တယ်။ ဒီတကြိမ် ညီလာခံမှာ ကိုယ်စားလှယ် ၆၅၀ ရှိတဲ့အနက် ဘော်ရှီဗစ် ကိုယ်စားလှယ် ၃၉၀ ရှိနေလို့ လူများစု ဖြစ်နေပြီဆိုတာ ရှင်းတယ်။ မင်ရှီဗစ်တွေနဲ့ လက်ယာ ဆိုရှယ်လစ် ရီဗော်လူရှင်နရီတွေက ကွန်ဂရက်ကို သပိတ်မှောက်ထွက်ခွာသွားကြတယ်။ ညီလာခံမှာ တက်ရောက်မိန့်ခွန်းပြောတဲ့ လီနင်က အောင်ပွဲရကိုယ်စားလှယ်တွေ ရှေ့မှောက်မှာ “ဆိုရှယ်လစ် စနစ် တည်ဆောက်ဖို့ ကျနော်တို့တတွေ ရှေ့ဆက်ချီတက်ရလိမ့်မယ်” လို့ ရိုးရှင်းစွာ ကြေညာခဲ့တယ်။ ဒီနောက်မှာတော့ ကွန်ဂရက်က ဆိုဗီယက် အစိုးရသစ်တရပ် ဖွဲ့စည်းပေးလိုက်တယ်၊ လီနင့်ကို အစိုးရသစ် ခေါင်းဆောင်အဖြစ် တင်မြှောက်ခဲ့တယ်။ ပြီးခဲ့တဲ့ လေးလလောက်က အထင်အမြင်သေးခံခဲ့ရတဲ့ ဘော်ရှီဗစ်တွေဟာ အခုဆိုရင် တော်လှန်သော အလုပ်သမားထုရဲ့ ဂုဏ်ပြုခြင်းကို ခံယူခဲ့ရပြီ။
ရက်ပိုင်းအတွင်းမှာပဲ၊ လီနင့်အစိုးရက အမိန့်ဒီဂရီတွေ ထုတ်လိုက်တယ်။ လျှို့ဝှက် သံတမန်ဆက်သွယ်ရေးကို ဖျက်သိမ်းခြင်းနှင့် ငြိမ်းချမ်ရေး ကမ်းလှမ်းချက်များ၊ လယ်ယာမြေ ဝေခြမ်းရေး၊ လူမျိုးစုများရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ အလုပ်သမားထုကိုယ်တိုင် ထိန်းချုပ်မောင်းနှင်ခြင်းနဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေကို ပြန်ရုပ်သိမ်းခွင့်၊ ယောက်ျား မိန်းမအားလုံး အပြည့်အဝ တန်းတူညီရေး၊ နိုင်ငံတော်နဲ့ ဘုရားကျောင်းသာသနာကို သီးခြားခွဲထုတ်ခြင်း အစရှိတဲ့ လုပ်ငန်းစဉ်တွေကို အမိန့်ကြေညာချက်တွေ တခုပြီးတခု ထုတ်ပြန်ပြီး စတင်အကောင်အထည်ဖော်ခဲ့တယ်။
၁၉၁၈၊ ဇန်နဝါရီလ တတိယအကြိမ် ဆိုဗီယက်များ ညီလာခံမှာ ရပ်ရှား ဖက်ဒရယ် ပြည်ထောင်စု ဆိုဗီယက် သမ္မတနိုင်ငံတော် (Russian Federated Soviet Republic) တည်ထောင်လိုက်ကြောင်း ကြေညာခဲ့တယ်။ သို့သော် အဲဒီအချိန်မှာ ရပ်ရှား ပိုင်နက်နယ်မြေ အတော်များများကို ဂျာမန် အရင်းရှင် နယ်ချဲ့ပါဝါ၊ ဘူဇွှာ အမျိုးသားရေးဝါဒီတွေနဲ့ တပ်ဖြူဗိုလ်ချုပ်တွေက သိမ်းထားဆဲဖြစ်တယ်။
တော်လှန်ရေးအပြီး ငါးရက်မြောက်မှာ အစိုးရသစ်ကို ဗိုလ်ချုပ် ကရာ့စ်နော့ဖ် ဦးဆောင်တဲ့ ကော့ဆက်တပ်တွေက တိုက်ခိုက်ခဲ့တယ်။ ဒီတိုက်ခိုက်မှုကို တွန်းလှန်နိုင်ခဲ့ပါတယ်။ ကရာ့စ်နော့ဖ်ကို သူ့လူတွေကိုယ်တိုင် ဖမ်းပြီး အစိုးရလက်အပ်ခဲ့တယ်။ ဒါပေမဲ့ နောက်တကြိမ် လက်နက်မကိုင်ပါဘူးလို့ ကတိပေးတဲ့အခါ ဆိုဗီယက် အစိုးရက လွှတ်ပေးလိုက်တယ်။ အမှန်ပဲ၊ သူကတိ ချိုးဖောက်ခဲ့တယ်။ ကော့ဆက် တပ်ဖြူတွေကို ဦးဆောင်ဖို့ တောင်ပိုင်းကို ထွက်သွားခဲ့တယ်။ အလားတူပဲ၊ ဆောင်းရာသီ နန်းတော် အစောင့်စစ်တပ်ကို လွှတ်ပေးလိုက်တော့လဲ တန်ပြန်ပုန်ကန်ခဲ့တာပဲ။
တော်လှန်ရေးအပြီး ပထမနှစ်
အောင်ပွဲရပြီးစ ကနဦးရက်များမှာ တော်လှန်ရေးက သဘောထားကြီးလွန်းပြီး ယုံကြည်မှုလည်း ထားပေးခဲ့တယ်။ “ကျနော်တို့ကို အကြမ်းဖက်မှုကို အားထားတယ်ဆိုပြီး စွပ်စွဲခံခဲ့ရတယ်။ ဒါပေမဲ့ ကျနော်တို့ အားမထားခဲ့ပါဘူး။ ပြင်သစ်တော်လှန်ရေးသမားတွေက လက်နက်မဲ့လူတွေကို ခေါင်းဖြတ်စက်တင် သတ်ခဲ့သလို အကြမ်းဖက်မှုမျိုးကို မကျင့်သုံးရဖို့လည်း ကျနော် မျှော်လင့်ပါတယ်”လို့ လီနင်က နိုဝင်ဘာလထဲမှာ ပြောခဲ့တယ်။ “ကျနော်တို့ဘက်မှာ အင်အားလဲ ရှိနေပြီမို့ ဒီလို အကြမ်းဖက်မှုကို အားပြုမလာရဖို့ ကျနော်မျှော်လင့်ပါတယ်။ တယောက်ယောက်ကို ဖမ်းပြီးတဲ့ အချိန်တိုင်းမှာ အဖျက်လုပ်ငန်းတွေ မလုပ်ပါဘူး ဆိုတဲ့ ခံဝန်တခုခုသာ ရေးပေး၊ ခင်ဗျားကို လွှတ်ပေးပါ့မယ်လို့ အမြဲပြောခဲ့တယ်။ ဒါမျိုး ခံဝန်တွေလည်း ပေးခဲ့ကြတာပဲ”လို့ လီနင်က ပြောခဲ့တယ်။
အန်နာ့ခစ်(စ်)ကနေ ဘော်ရှီဗစ်တယောက် ဖြစ်လာသူ Victor Serge က (တော်လှန်ရေးရဲ့) ဖြူစင်ရိုးသား အပြစ်ကင်းစင်မှုကို သူ့ရဲ့ “ရပ်ရှားတော်လှန်ရေး ပထမနှစ်” စာအုပ်ထဲမှာ အသိအမှတ်ပြု ထုတ်ဖော် ရေးသားခဲ့တယ်။
“အာဆင်နယ်နဲ့ ခရင်မ်လင်မှာ တပ်ဖြူတွေက အလုပ်သမားထုကို အစုလိုက်အပြုံလိုက် ရက်ရက်စက်စက် သတ်ခဲ့တယ်။ တပ်နီတွေကတော့ သူတို့ရဲ့ ကမ္ဘာ့ရန် ဗိုလ်ချုပ် ကရာ့စ်နော့(ဗ်)ကို ခံဝန်လေးထိုးရုံနဲ့ လွှတ်ပေးခဲ့တယ်။ ကော့ဆက် ပုန်ကန်မှု ခေါင်းဆောင်ကို သဘောထားကြီးပေးခဲ့တာဟာ တော်လှန်ရေးဘက်က အမှားကျူးလွန်မိတာပဲ။ သူ့ကို ပစ်သတ်ခဲ့သင့်တာ။ ဒါပေမဲ့ အဲဒီအစား လွှတ်ပေးလိုက်တော့ ကရာ့စ်နော့(ဗ်)ဟာ ဒွန်ဒေသကို မီးလောင်တိုက်သွင်း သတ်ဖြတ်ပစ်ခဲ့တယ်။
ဆိုဗီယက်အာဏာ ထူထောင်ပြီး သိပ်မကြာခင်မှာပဲ နယ်ချဲ့သမားတွေက တော်လှန်ရေးကို သွေးချောင်းစီး ချေမှုန်းပစ်ဖို့ လုပ်ခဲ့ကြတယ်။ ဂျာမန် တိုက်ခိုက်မှုအန္တရာယ်ကြောင့် ၁၉၁၈ မတ်လပိုင်းမှာ အစိုးရရုံးကို မော်စကို ရွှေ့ခဲ့ရတယ်။
သိပ်မကြာဘူး၊ ဗြိတိန်တပ်တွေ Murmansk မြို့ကို ဝင်ရောက်လာခဲ့တယ်၊ သူတို့နဲ့အတူ အမေရိကန်နဲ့ ကနေဒါတပ်တွေလဲ အားဖြည့်လိုက်လာခဲ့တယ်။ ဂျပန်ကလဲ ဗြိတိန်၊ အမေရိကန် တပ်မကြီးတွေနဲ့အပြိုင် ရုရှား အရှေ့ဖျားက Vladivostok မြို့ကို ကျူးကျော်လာတယ်။ လောင်စာဆီတွေ ထိန်းချုပ်ဖို့ ဗြိတိန်က ဘာကူ ဆိပ်ကမ်းကိုပါ သိမ်းခဲ့တယ်။ အိုဒက်ဆာနဲ့ ဆီဗက်စတိုပေါ(လ်) ဒေသတွေက ပင်လယ်နက် ဆိပ်ကမ်းတွေကို ပြင်သစ်၊ ဂရိနဲ့ ပိုလန်တပ်တွေ ကျူးကျော်ဝင်ရောက်လာပြီး တပ်ဖြူတွေနဲ့ ပူးပေါင်းသွားတယ်။ ယူကရိန်းကို ဂျာမန်တွေက သိမ်းထားတယ်။ ဆိုဗီယက်အစိုးရ တပ်တွေဟာ နိုင်ငံပေါင်း (၂၁) နိုင်ငံက ကျူးကျော်ရေး တပ်တွေကို စစ်မြေပြင်ပေါင်းစုံမှာ ရင်ဆိုင်တိုက်ခဲ့ရတယ်။ တော်လှန်ရေးဟာ အသက်ဆက်နိုင်ဖို့ တိုက်ပွဲဝင်ခဲ့ရတယ်။ တော်လှန်ရေး အောင်ထားကာစ ဆိုဗီယက် အစိုးရကို ဝိုင်းပတ်ချေမှုန်းဖို့ နည်းမျိုးစုံသုံးပြီး ကြိုးပမ်းခဲ့ကြတယ်။
ရောင်ဖြူအကြမ်းဖက်မှု
ဆိုရှယ်လစ် ရီဗော်လူရှင်နရီပါတီ ခေါင်းဆောင်ပိုင်းက ပြည်ပကြားဝင်စွက်ဖက်မှုကို “ဒီမိုကရေစီ ပြန်လည်ရရှိရေး”အတွက်ဆိုပြီး ထောက်ခံကြိုဆိုခဲ့တယ်။ ဒီလို တန်ပြန်တော်လှန်ရေး ရပ်တည်ချက်ကို မင်ရှီဗစ်တွေလဲ ကိုင်စွဲခဲ့တယ်။ ဒါ့ကြောင့်ပဲ မင်ရှီဗစ်တွေလဲ ရန်သူနဲ့ တလှေတည်းစီး တခရီးတည်းသွား ဖြစ်ခဲ့ရတယ်။ မင်ရှီဗစ်တွေဟာ တပ်ဖြူတွေနဲ့ ပေါင်းသွားပြီး ပြင်သစ် အစိုးရဆီက ငွေကြေးအထောက်အပံ့ ယူခဲ့တယ်။
၁၉၁၈ နွေရာသီမှာ လီနင်နဲ့ ထရော့စကီးကို လုပ်ကြံဖို့ ကြိုးပမ်းမှုတွေ ရှိခဲ့တယ်။ ဩဂုတ်လ (၃၀)ရက်နေ့မှာ လီနင် အပစ်ခံရတယ်။ ဒါပေမဲ့ အသက်အန္တရာယ်တော့ မထိခိုက်ခဲ့ဘူး။ တရက်တည်းမှာပဲ ဂျာမန် သံအမတ်ကြီး လုပ်ကြံခံခဲ့ရသလို (ဘော်ရှီဗစ် တော်လှန်ရေး ခေါင်းဆောင်တဦးဖြစ်သော) Uritsky လုပ်ကြံခံခဲ့ရတယ်။ (၁၉၁၇ ဖေဖော်ဝါရီ တော်လှန်ရေးနောက်ပိုင်းမှာ ဘော်ရှီဗစ်ပါတီထဲ ဝင်ရောက်လာသူ) Volodarsky လည်း လုပ်ကြံခံလိုက်ရတယ်။ ထရော့စကီးရဲ့ ရထားကို ဖောက်ခွဲမယ့် အကြံအစည်ကတော့ ကံကောင်းထောက်မစွာနဲ့ပဲ အလုပ်မဖြစ်ခဲ့ဘူး။ အခုလို ရောင်ဖြူ အကြမ်းဖက်မှုတွေကြောင့်ပဲ တော်လှန်ရေးကို ခုခံကာကွယ်ဖို့ အနီလှိုင်း ပေါက်ဖွားလာခဲ့တယ်။
ဖြစ်သမျှ တပ်နီတွေကိုချည်း အပြစ်ပုံချခဲ့တဲ့ အရင်းရှင်တွေဟာ ရောင်ဖြူ အကြမ်းဖက်မှုကိုတော့ လျှောချလေ့ရှိတယ်။ တပ်ဖြူတွေ ကျူးလွန်တဲ့ ရက်စက်မှုတွေဟာ “ခြုံပြောရရင် တပ်ဖြူဗိုလ်ချုပ်တွေ၊ စစ်ဘုရင်တွေထဲက တဦးချင်းတယောက်ချင်း လက်လွန်တဲ့ကိစ္စတွေပါ၊ စနစ်တကျ ဒါမှမဟုတ် တရားဝင် ပေါ်လစီချပြီး လုပ်တဲ့ကိစ္စတွေ မဟုတ်ပါဘူး” လို့ အန်ထော်နီ ရိ(ဒ်)က ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးဖို့ရာ လျှောက်လဲချက်ပေးခဲ့တယ်။ “ဒါပေမဲ့ ရောင်ဖြူ အကြမ်းဖက်မှုဟာ မကြာမကြာဆိုသလို (အကြမ်းဖက်မှုမှာ) တပ်နီတွေနဲ့ တန်းတူဖြစ်ခဲ့ပြီး တခါတလေမှာတော့ တပ်နီထက် ပိုဆိုးခဲ့တယ်”လို့ ဆိုပြန်တယ်။ တကယ့် အဖြစ်မှန်က တပ်ဖြူတွေဟာ ရက်စက်ကြမ်းကြုတ်မှုတွေကို ပေါ်လစီချပြီး ကျူးလွန်ခဲ့ကြခြင်း ဖြစ်တယ်။ ရက်စက်တဲ့နေရာမှာ တပ်နီတွေထက် အမြဲသာလွန်ခဲ့တယ်။ ဒါသည်ပင် တန်ပြန်တော်လှန်ရေး အင်အားစုတွေရဲ့ သဘာဝပါပဲ။
စိတ်ဝင်စားဖို့ကောင်းတာက ရိ(ဒ်)ဟာ ဗိုလ်ချုပ်ကြီး Baron Roman von Ungern-Sternberg ရဲ့ လုပ်နည်းလုပ်ဟန်တွေကို ထုတ်ဖော်ရေးခဲ့တာပဲ။ “ဥပမာပြောရရင် (အကြမ်းဖက်မှုနဲ့ ရက်စက်မှုမှာ) ဘယ်ဘော်ရှီဗစ်မှ တပ်ဖြူဗိုလ်ချုပ်ကြီး Baron Roman von Ungern-Sternberg ကို မမီပါဘူး။ သူက အက်(စ်)တိုးနီးယား နိုင်ငံဖွား German Balt လူမျိုးတယောက်။ သူ့ကို ယာယီအစိုးရ (၁၉၁၇ ဖေဖော်ဝါရီ တော်လှန်ရေးအပြီး ပေါ်လာတဲ့ ဘူဇွှာအစိုးရ) က ရပ်ရှားရဲ့ အရှေ့စွန်းဒေသတွေဆီ စေလွှတ်ခဲ့တယ်။ အဲဒီမှာပဲ သူက မွန်ဂိုဘုရင် ဂျင်ဂျစ်ခန် ဝင်စားပါတယ်လို့ ကြေညာခဲ့တယ်၊ ရက်စက်တဲ့နေရာမှာ မွန်ဂိုအင်ပိုင်ယာ အရှင်ထက် သာအောင် သူကြမ်းပြခဲ့တယ်။ အတော်အယူသီးတဲ့ ဂျူးမုန်းတီးရေးသမားတယောက်လဲ ဖြစ်တယ်၊ ရပ်ရှားက ကော်မစ်ဆာတွေနဲ့ ဂျူးအားလုံးကို အကုန်မျိုးဖြုတ်ပစ်ချင်တယ်လို့ ၁၉၁၈ မှာ သူကြေညာခဲ့တယ်။ အဲဒါ စိတ်အားထက်ထက်သန်သန်နဲ့ အကောင်အထည်ဖော်ဖို့ သူကြိုးစားခဲ့တဲ့ အလုပ်ပဲ။ သူ့လူတွေက တွေ့သမျှ ဂျူးလူမျိုးတိုင်းကို လူမဆန်ဆုံး နည်းလမ်းပေါင်းစုံနဲ့ အဆုံးစီရင်ခဲ့တယ်။ အရှင်လတ်လတ် အရေခွံခွာတာမျိုးအထိ လုပ်ခဲ့တယ်။ သူ့တပ်ဖွဲ့တွေကို ဦးဆောင်ပြီး ညပိုင်းအကြမ်းဖက်စီးနင်းမှုတွေမှာ အလောင်းကိုမီးရှို့၊ မြင်းနဲ့ တရွတ်တိုက်ဆွဲပြီး မြက်ခင်းပြင်ပေါ် ဇက်ကုန်ဖွင့် မောင်းတဲ့ ကိစ္စတွေ၊ ‘အာရှကနေ ဥရောပကို ဖြတ်ပြီး ကြိုးစင်တွေနဲ့ လမ်းဖောက်ပစ်မယ်’လို့ ပြောခဲ့တာတွေကြောင့်လဲ သူဟာ ထင်ရှားတယ်။"
အဲဒါ တန်ပြန်တော်လှန်ရေးသာ အောင်ပွဲခံသွားခဲ့ရင် ရပ်ရှား အလုပ်သမားထုနဲ့ လယ်သမားတွေ ကြုံတွေ့ရမယ့် ကြမ္မာပဲ။ ကျေးကျွန်စနစ် ရောမနိုင်ငံတော်ရဲ့ ကြမ်းကြုတ်သော လက်ထဲမှာ မွစာကြဲသွားခဲ့ရတဲ့ စပါတာကပ်စ်နဲ့ သူ့ရဲ့ ကျွန်စစ်တပ်ကြီး ကြုံခဲ့ရတဲ့ ကြမ္မာဆိုးလည်း ဖြစ်တယ်။ ဆိုဗီယက်အာဏာ မထူထောင်နိုင်ရင် အစားထိုးလာမယ့်အရာက “ဒီမိုကရေစီ” မဟုတ်ဘူး။ သွေးဆာနေသော အရက်စက်ဆုံး အကြမ်းကြုတ်ဆုံး ဖက်ဆစ် ဘာဘရစ်ဇင်ပဲ။ တပ်နီတော်နဲ့ ရဲနီတပ်ဖွဲ့ (Cheka) ပေါင်းပြီး ရေကုန်ရေခမ်း ကြိုးစားခဲ့လို့သာ ပြည်တွင်းစစ်မှာ အနိုင်ရပြီး တန်ပြန်တော်လှန်ရေးကို ချေမှုန်းနိုင်ခဲ့တာ ဖြစ်တယ်။
ဆိုဗီယက်အစိုးရမှာ တခြားရွေးချယ်စရာ မရှိခဲ့ဘူး။ ဓားကိုဓားချင်း၊ လှံကိုလှံချင်း ပြန်တုံ့နှင်းရုံ၊ ကျူးကျော်ဝင်ရောက်လာတဲ့ ပြည်ပ စစ်တပ်တွေကို တော်လှန်ရေးဘက်က ရပ်တည်ဖို့ ဆော်ဩရုံသာ ရှိတော့တယ်။ ဗစ်တာဆာ့(ဂျ်)က အခုလို ရေးသား ရှင်းပြခဲ့တယ်။
“လူ့အဖွဲ့အစည်းထဲက အနည်းငယ်မျှသာ ဖြစ်သော လူတန်းစားတွေကို ဆန့်ကျင်ဖို့အတွက် လုပ်သားထုကြီးဟာ အကြမ်းဖက်မှုကို မလွှဲမရှောင်သာ သုံးခဲ့ရတယ်။ ဒါဟာ အသစ်ပေါ်ထွက်လာတဲ့ စီးပွားရေးနဲ့ နိုင်ငံရေး စွမ်းအားစုတွေ ကိုယ့်အလုပ်ကိုယ် ပြီးမြောက်အောင် လုပ်သွားခြင်းဆိုတာထက် မပိုပါဘူး။ တိုးတက်သော လုပ်ငန်းတွေက သန်းနဲ့ချီတဲ့ အလုပ်သမားထုကြီးကို တော်လှန်ရေးကိစ္စမှာ စုစည်းပေးလိုက်တဲ့ အချိန်မှာ ဒီအခွင့်ထူးခံ လူနည်းစုရဲ့ ခုခံမှုကို ချိုးဖျက်ဖို့ မခက်ခဲတော့ဘူး။ တဖက်မှာတော့ ဒီအခွင့်ထူးခံ လူနည်းစုက လုပ်သားထုကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ချေမှုန်းပစ်ဖို့ ရောင်ဖြူအကြမ်းဖက်မှုကို ကျူးလွန်ခဲ့ကြတယ်။ ဆိုဗီယက် ရဲနီတပ်ဖွဲ့က ရပ်ရှားနိုင်ငံတဝှမ်းမှာ သုံးနှစ်တာကာလပတ်လုံး ကွပ်မျက်ခဲ့ရတဲ့ ပမာဏကို ပေါင်းလိုက်ရင်တောင် ဗာဆိုင်းမြို့သားများ (Versaillais _ ပါရီကွန်မြူးန်ကို ဖြုတ်ချဖို့ ကြိုးစားတဲ့ တန်ပြန်တော်လှန်ရေးတပ်တွေကို ခေါ်တဲ့နာမည်) ပါရီမှာ တပတ်အတွင်း သတ်ဖြတ်ခဲ့တဲ့ လူအရေအတွက်ကို မမီပါဘူး”။
မတတ်သာတဲ့အဆုံး “စစ်အတွင်း ကွန်မြူနစ်စနစ်”ကို ဘော်ရှီဗစ်တွေ ယာယီကျင့်သုံးခဲ့ရတယ်။ အဲဒီကာလမှာ အလုပ်သမားနဲ့ စစ်သားတွေကို ကျွေးစရာ ဘာမှမရှိတော့လို့ လယ်သမားတွေဆီက သီးနှံတွေ ချောဆွဲခဲ့ရတယ်။ တန်ပြန်တော်လှန်ရေး အဖျက်သမားတွေကြောင့်ရော၊ ကျူးကျော်စစ်ပွဲကြောင့်ရော၊ အခု ပြည်တွင်းစစ်ကြောင့်ပါ စက်မှုလုပ်ငန်းတခုလုံး ပြိုလဲသွားခဲ့တယ်။ နယ်ချဲ့နိုင်ငံတွေ ဝိုင်းဝန်းပိတ်ဆို့ထားတာကြောင့် တိုင်းပြည်က လိပ်ပက်လက် အနေအထားပဲ။ ၁၉၁၇ တုန်းက ပီထရိုဂရက်မှာ လူဦးရေ (၂၄)သိန်း ရှိရာကနေ ၁၉၂၀ ဩဂတ်စ်လရောက်တော့ လူဦးရေ ၅၇၄,၀၀၀ ပဲ ရှိတော့တယ်။ တိုက်ဖွိုက်နဲ့ ကာလဝမ်းရောဂါကြောင့် သန်းနဲ့ချီပြီး သေဆုံးခဲ့ရတယ်။ ဒီအခြေအနေကို လီနင်က “ရန်သူပတ်လည် အဝိုင်းခံထားရတဲ့ ခံတပ်ထဲ ကျရောက်နေသော ကွန်မြူနစ်ဝါဒ”လို့ မှတ်ချက်ပြုခဲ့တယ်။
၁၉၁၉ ဩဂတ်စ်(၂၄)မှာ လီနင်က “စက်မှုလုပ်ငန်းဟာ ရပ်တန့်နေတုန်းပဲ။ စားစရာလည်း မရှိတော့ဘူး။ လောင်စာလည်း မရှိတော့ဘူး။ စက်မှုလုပ်ငန်းလည်း မရှိတော့ဘူး”လို့ ရေးခဲ့တယ်။ ဒီလို ကပ်ဆိုးနဲ့ ရင်ဆိုင်နေရချိန် ဆိုဗီယက်တွေဟာ အလုပ်သမား လူတန်းစားရဲ့ စွန့်လွှတ်အနစ်နာခံမှု၊ ရဲစွမ်းသတ္တိနဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုကို အားကိုးပြီး တော်လှန်ရေး ပြိုလဲမသွားအောင် လုံးပမ်းခဲ့ရတယ်။ “အလုပ်သမား လူတန်းစားရဲ့ ခိုင်မာတဲ့ သန္နိဋ္ဌာန်၊ ‘အရှုံးပေးမယ့်အစား သေရတာမြတ်တယ်’ ဆိုတဲ့ ဆောင်ပုဒ်ကို မယိမ်းမယိုင် စွဲမြဲကျင့်ကြံမှုဟာ သမိုင်းဆိုင်ရာ အကြောင်းခံတခု ဖြစ်ခဲ့ရုံသာမက၊ အနိုင်အရှုံး အဆုံးအဖြတ်ပေးသော အောင်ပွဲရစေခဲ့သော အကြောင်းတရားလဲ ဖြစ်ခဲ့တယ်”လို့ လီနင်က ၁၉၂၀ မတ်လမှာ ကြူးရင့်ခဲ့တယ်။
ပြည်တွင်းစစ်ရဲ့ နောက်ဆက်တွဲ
ဘာမှမရှိတဲ့ အခြေကနေ တပ်နီတော်ကို စုစည်းတည်ထောင်ခဲ့ရသူ ထရော့စကီးနဲ့ လီနင်တို့ရဲ့ ဦးဆောင်မှု အောက်မှာ ဆိုဗီယက်တွေ အောင်ပွဲရခဲ့တယ်။ သို့သော် အရင်းအနှီး ကြီးကြီးမားမား ပေးဆပ်ခဲ့ရတယ်။ သတ္ထန္တရကပ်၊ ဒုဗ္ဘိက္ခန္တရကပ်၊ ရောဂန္တရကပ်တွေကြောင့် ပြည်သူတွေ သေဆုံးခဲ့ကြရတဲ့အပြင် စီးပွားရေး ပျက်စီးယိုယွင်းမှုပါ ထပ်လောင်းဖိစီးခဲ့တယ်။
ပြည်တွင်းစစ်အပြီးမှာ ဘော်ရှီဗစ် အစိုးရအနေနဲ့ နောက်တလှမ်းဆုတ်ပြီး စီးပွားရေးပေါ်လစီသစ် (New Economic Policy) ကို စသုံးရမယ့် အခြေဆိုက်သွားခဲ့တယ်။ ဒီပေါ်လစီကို အသက်သွင်းလိုက်တဲ့အခါ လယ်သမားတွေအနေနဲ့ ပိုလျှံသီးနှံတွေကို လွတ်လွတ်လပ်လပ် ရောင်းဝယ်ဖောက်ကားခွင့် ရသွားသလို အရင်းရှင်စနစ် တိမ်းညွတ်မှု အစို့အညှောင့်တွေလဲ ကြီးထွားလာခဲ့တယ်။ ရလဒ်အနေနဲ့ NEPmen စီးပွားရေးသမားတွေနဲ့ Kulak ချမ်းသာလယ်သမားတွေ ထွက်ပေါ်လာခဲ့တယ်။ ဒါက ဆိုဗီယက်အာဏာကို နည်းနည်းတော့ အသက်ရှူချောင်စေခဲ့တယ်။
လူဦးရေရဲ့ ၇၀ရာခိုင်နှုန်းက စာရေးစာဖတ်တတ်ခြင်း မရှိတဲ့အခြေအနေ၊ ဒီလို ယဉ်ကျေးမှုအဆင့်အတန်း နိမ့်ကျနေတဲ့အတွက် ဆိုဗီယက် အစိုးရယန္တရားဟာ ဇာဘုရင်ခေတ်က အမှုထမ်းဟောင်းတွေ၊ အရာရှိဟောင်းတွေနဲ့ အုပ်ချုပ်ရေးသမားဟောင်းတွေကို ဆွဲသုံးခဲ့ရတယ်။ စင်စစ် သူတို့ဟာ တော်လှန်ရေးကို ဆန့်ကျင်ခဲ့သူတွေ။ “ဆိုဗီယက် နိုင်ငံတော်ရဲ့ ကြိုက်တဲ့နေရာကို အရေခွံ ခွာကြည့်လိုက်၊ အဲဒီ အရေခွံအောက်မှာ ဇာဘုရင့် နိုင်ငံတော်ယန္တရားဟောင်းကို ပြန်တွေ့ရလိမ့်မယ်”လို့ လီနင်က ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့တယ်။ ရပ်ရှားတော်လှန်ရေး တခုပဲ အောင်ပွဲရပြီး အထီးတည်းဖြစ်နေချိန် ဒီအခြေအနေကို ရင်ဆိုင်ရခြင်းဟာ တော်လှန်ရေးတခုလုံး ဗျူရိုကရက်တစ် ယိုယွင်းပျက်စီးမှု ဖြစ်ပြီး ပြိုလဲသေဆုံးသွားလောက်အောင် အန္တရယ်ကြီးတယ်။ ဆက်တိုက်ကြုံခဲ့ရတဲ့ အကျပ်အတည်းတွေကြောင့် အလုပ်သမား လူတန်းစား အင်အားချိနဲ့လာတယ်။ ဒီအခါ ဆိုဗီယက်တွေ အသက်မဝင်တော့ဘဲ လုပ်စားသမားတွေနဲ့ ဗျူရိုကရက်တွေက နေရာဝင်ယူသွားတယ်။
ဒီဗျူရိုကရက် အန္တရာယ်ကို တိုက်ဖျက်ဖို့ အစီအမံတွေ ချမှတ်ခဲ့ပေမယ့် တကယ်တမ်း ကမ္ဘာ့တော်လှန်ရေး အောင်မြင်မှသာ ရုရှား တော်လှန်ရေးကို ကယ်တင်နိုင်လိမ့်မယ်။ အဲဒီအခါမှပဲ တော်လှန်ရေး အောင်ထားသော အနောက်ကမ္ဘာက ဆိုဗီယက် ရပ်ရှားကို အခိုင်အမာ အထောက်အကူ ပေးလာနိုင်မယ်။
၁၉၁၉ အစောပိုင်းမှာ လီနင်က နိုင်ငံတကာမှာ တော်လှန်ရေးတွေ ပြန့်နှံ့သွားစေဖို့ ရည်ရွယ်ချက်နဲ့ တတိယ အင်တာနေရှင်နယ်ကို တည်ထောင်ခဲ့တယ်။ တတိယ အင်တာနေရှင်နယ်ဟာ ဘော်ရှီဗစ်ဝါဒ ကျောင်းတော်ကြီးပဲ။ သိပ်မကြာခင်မှာပဲ ဂျာမနီ၊ ပြင်သစ်၊ ချက်ကိုစလိုဗေးကီးယားနဲ့ တခြားနိုင်ငံတွေမှာ လူထုအခြေခံရှိတဲ့ ကွန်မြူနစ်ပါတီတွေ ပေါ်ထွက်လာတယ်။
ကံမကောင်းစွာနဲ့ပဲ၊ ပထမ ကမ္ဘာစစ်နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ တော်လှန်ရေး လှိုင်းဟာ ကျရှုံးသွားခဲ့တယ်။ ၁၉၁၈ ဂျာမနီမှာ တော်လှန်ရေးဖြစ်တော့ ဂျာမန် ဆိုရှယ် ဒီမိုကရက်တွေက တော်လှန်ရေးကို သစ္စာဖောက်သွားတယ်။ ဘာဗေးရီးယားနဲ့ ဟန်ဂေရီ နိုင်ငံတွေက ပေါ်ထွက်လာစ ဆိုဗီယက် သမ္မတနိုင်ငံတွေဟာ တန်ပြန် တော်လှန်ရေးရဲ့ သွေးချောင်းစီး ချေမှုန်းခြင်း ခံလိုက်ရတယ်။ ၁၉၂၀ အီတလီနိုင်ငံက တော်လှန်သော စက်ရုံသိမ်းတိုက်ပွဲတွေလည်း ကျရှုံးသွားခဲ့တယ်။ ၁၉၂၃ မှာလဲ နောက်တချီ တော်လှန်ရေး မိုးထဲရေထဲ ရောက်နေတဲ့ ဂျာမနီကို အားလုံးက သတိထား စောင့်ကြည့်နေခဲ့တယ်။ ဒါပေမဲ့ ဇီနိုဗီယက်ဖ်နဲ့ စတာလင်တို့ ရမ်းသန်းပေးလိုက်တဲ့ အကြံမှား ဉာဏ်မှားတွေကြောင့် ဂျာမန်တော်လှန်ရေး မရှုမလှ ထပ်ရှုံးသွားခဲ့တယ်။
ဂျာမန် တော်လှန်ရေး ကျရှုံးသွားခြင်းဟာ နဂိုတည်းက မသေရုံတမယ် တောင့်ခံထားရတဲ့ ရပ်ရှား အလုပ်သမားထုကို စိတ်ဓာတ်ပိုင်းအရ ပြိုလဲသွားစေခဲ့တယ်။ တချိန်တည်းမှာပဲ ဒီရှုံးနိမ့်မှုဟာ နိုင်ငံတော် ယန္တရားနဲ့ ပါတီအတွင်း ကြီးထွားလာနေတဲ့ ဗျူရိုကရက်တစ် ဖောက်ပြန်မှုကို တန်ခိုးထွားသွားစေခဲ့တယ်။ လေဖြတ်ဝေဒနာ တောက်လျှောက်ခံစားလာရတဲ့ လီနင့် ကျန်းမာရေး ချွတ်ခြုံကျသွားပြီး အလုပ်မလုပ်နိုင်တော့တဲ့ အချိန်မှာ စတာလင်က ဗျူရိုကရေစီရဲ့ ခေါင်းဆောင်အနေနဲ့ ထွက်ပေါ်လာတယ်။ တကယ်တော့ လီနင်ရဲ့ နောက်ဆုံးတိုက်ပွဲက ထရော့စကီးနဲ့ လက်တွဲပြီး စတာလင်နဲ့ ဗျူရိုကရေစီ အင်အားစုကို တိုက်ခဲ့တဲ့ တိုက်ပွဲပဲ။ စတာလင် နောက်ပြန်ဆုတ်ခဲ့ရတယ်။ ဒါပေမဲ့ နောက်ဆုံးတခေါက် လေဖြတ်အပြီး လီနင် သွက်ချာပါဒလိုက်သွားခဲ့တယ်၊ စကားပါ မပြောနိုင်တော့ဘူး။
ဒီဖြစ်ရပ် မတိုင်ခင်ကတည်းက လီနင်ဟာ သေတမ်းစာတစောင် ရေးထားခဲ့တယ်။ ဒီသေတမ်းစာထဲမှာ “စတာလင်ဟာ ပါတီ အထွေထွေအတွင်းရေးမှူး ဖြစ်လာပြီး (ဒါကို လီနင် ဆန့်ကျင်ခဲ့တယ် - စာရေးသူ RS) သူ့လက်ထဲ အာဏာတွေ အကန့်အသတ်မရှိ စုပြုံနေတယ်။ ဒီအခွင့်အာဏာတွေကို အမြဲတမ်း သတိတရားရှိရှိနဲ့ သုံးနိုင်ပါ့မလားဆိုတာ ကျနော် သံသယရှိတယ်”လို့ လီနင် ရေးထားခဲ့တယ်။ “တခြားတဖက်မှာတော့ ရဲဘော် ထရော့စကီးဟာ ထက်မြက်တဲ့ အရည်အချင်းတွေကြောင့်တင် ထင်ရှားနေတာ မဟုတ်ဘူး။ ပြောရမယ်ဆိုရင် လက်ရှိ ဗဟိုကော်မတီဝင်တွေထဲ အရည်အချင်း အရှိဆုံးသူလို့တောင် ဆိုနိုင်တယ်”။ ပါတီတွင်း အကွဲအပြဲ ဖြစ်လာနိုင်တဲ့ အန္တရာယ်ကိုလည်း လီနင် သတိပေးထားခဲ့တယ်။
စတာလင်ဝါဒ
ထရော့စကီးနဲ့ အခြားရဲဘော်တွေကို လီနင်နဲ့ ကူညီဆက်သွယ်ပေးလို့ဆိုပြီး (လီနင့် ဇနီး) ကရပ်စ်ကားယာကို စတာလင်က ဆဲဆိုကြိမ်းမောင်းခဲ့တယ်။ ဒီနောက် နှစ်ပတ်အကြာမှာ လီနင်က သူ့သေတမ်းစာထဲ ဖြည့်စွက်ချက်တခု ထပ်ထည့်ခဲ့တယ်။ စတာလင်နဲ့ ပုဂ္ဂိုလ်ရေး ဆက်ဆံမှုအားလုံး ဖြတ်ပစ်လိုက်တယ်။ “စတာလင်က အလွန် ရိုင်းစိုင်းတယ်။ ဒီပြစ်ချက်ဟာ ကျနော်တို့ အချင်းချင်း၊ ကွန်မြူနစ်တွေအချင်းချင်း ဆက်ဆံရေးမှာ အတန်အသင့် သည်းခံလို့ရသော်ငြား ပါတီ အထွေထွေ အတွင်းရေးမှူး တယောက်အနေနဲ့ဆိုရင် လုံးဝ သည်းခံနိုင်စရာ မရှိတော့ဘူး။” လို့ လီနင် ရေးခဲ့တယ်။ သစ္စာမဲ့ခြင်း၊ အာဏာ အလွဲသုံးစား လုပ်လိုခြင်းကြောင့် စတာလင်ကို အထွေထွေ အတွင်းရေးမှူး တာဝန်ကနေ ထုတ်ပစ်ဖို့ လီနင် တိုက်တွန်းခဲ့တယ်။
ဒါပေမဲ့ ၁၉၂၃၊ မတ်လ(၇)ရက်မှာ လီနင် နောက်ဆုံးတကြိမ် လေဖြတ်သွားခဲ့ပြီး ဘာမှ မလုပ်နိုင်တော့ဘူး။ ၁၉၂၄၊ ဇန်နဝါရီ (၂၁)ရက် သူကွယ်လွန်သွားတဲ့ အချိန်အထိ အဲဒီအခြေအနေမှာပဲ ရှိနေခဲ့တယ်။ နိုင်ငံရေးဘဝကနေ လီနင် အနားယူသွားရတဲ့အခါ စတာလင့် အာဏာ ပိုကြီးထွားလာခဲ့တယ်။ စတာလင်ကလည်း ဒီအာဏာကို အပြည့်အဝ အသုံးချခဲ့တယ်။ အထူးသဖြင့် လီနင့်ရဲ့ သေတမ်းစာကို ဖုံးဖိထားတဲ့ နေရာမှာပေါ့။
စတာလင် သစ္စာဖောက်သွားခဲ့ပြီဖြစ်တဲ့ လီနင့် တော်လှန်ရေး အမွေအနှစ်ကို ဆက်ကာကွယ်ဖို့ တာဝန်ဟာ ထရော့စကီးပုခုံးပေါ် ကျရောက်လာခဲ့တယ်။ စတာလင်ဝါဒ အောင်ပွဲခံသွားတာဟာ အခြေခံအားဖြင့် ပကတိဘာဝ အကြောင်းအချက်တွေကြောင့်ပဲ။ အထူးသဖြင့် ရပ်ရှားနိုင်ငံရဲ့ လူမှုစီးပွားဘဝ ဆိုးဆိုးရွားရွား နောက်ကျကျန်နေခြင်းနဲ့ ရပ်ရှားတော်လှန်ရေး အထီးတည်း ဖြစ်နေခြင်းဆိုတဲ့ အချက်နှစ်ချက်ကြောင့်ပဲ။
တဆက်တည်းလိုလို ဗြိတိန်နဲ့ (အထူးသဖြင့်) တရုတ်နိုင်ငံက တော်လှန်ရေးတွေ ရှုံးနိမ့်သွားခြင်းဟာ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ရင်း ခြေကုန်လက်ပန်းကျနေတဲ့ ရပ်ရှား အလုပ်သမားထုကို အကြီးအကျယ် စိတ်ဓါတ်ကျစေခဲ့တယ်။ ဒီလို အလုပ်သမားထု အားအင်ကုန်ခမ်းပြီး စိတ်အားလျော့သွားတဲ့ အခြေအနေမှာ စတာလင် ခေါင်းဆောင်တဲ့ ဗျူရိုကရေစီက အာဏာကို အလုံးစုံ ထိန်းချုပ်သွားခဲ့တယ်။ ကွယ်လွန်သူ လီနင်ရဲ့ ဇနီးသည် ကရု(ပ်)စကာယာ အပြင်းအထန် ကန့်ကွက်နေတဲ့ကြားက လီနင့် ရုပ်အလောင်းကို ဂူဗိမာန်ထဲ ဆေးစိမ်ပြီး ထည့်ထားလိုက်ကြတယ်။
အရင်းရှင်စနစ် ဘက်တော်သားတွေ ပြောကြသလို စတာလင်ဝါဒဟာ လီနင် ဦးဆောင်သော ဒီမိုကရက်တစ် အစိုးရစနစ်ရဲ့ နောက်ဆက်တွဲပဲလို့ ပြောခြင်းဟာ စက်ဆုပ်ဖွယ် မုသားစကားပဲ။ အမှန်ကိုပြောရရင် လီနင်ဝါဒနဲ့ စတာလင်ဝါဒကြား သွေးမြစ်ကြီး ခြားလျက်ရှိတယ်။ လီနင်က အောက်တိုဘာ တော်လှန်ရေးရဲ့ ဗိသုကာ၊ စတာလင်က အောက်တိုဘာ တော်လှန်ရေးကို မြေမြှုပ်သင်္ဂြိုဟ်သူ။ ဘာမှ မဆိုင်ချေ။
ဒီဂုဏ်ပြုဆောင်းပါးရဲ့ နိဂုံးကို သင့်တင့်လျောက်ပတ်လှတဲ့ ရိုဆာ လူဇင်ဘာ့ဂ် ပြောစကားတွေနဲ့ပဲ အဆုံးသတ်လိုက်ပါမယ်။
“သမိုင်းဝင် အချိန်တခုမှာ ပါတီတရပ်အနေနဲ့ ပေးစွမ်းနိုင်သမျှ ရဲစွမ်းသတ္တိ၊ တော်လှန်ရေး အမြင်ကျယ်မှုနဲ့ ရှေ့နောက် ညီညွတ်မှုတို့ကို လီနင်၊ ထရော့စကီးနဲ့ တခြား ဘော်ရှီဗစ် ရဲဘော်တွေက ကောင်းကောင်းကြီး ပေးစွမ်းနိုင်ခဲ့တယ်။ အနောက်တိုင်း ဆိုရှယ် ဒီမိုကရေစီမှာ ဆိတ်သုဉ်းနေတဲ့ တော်လှန်ရေး ဂုဏ်သိက္ခာနဲ့ စွမ်းဆောင်ရည်တွေကို ဘော်ရှီဗစ် ရဲဘော်တွေက ပုံဖော်နိုင်ခဲ့တယ်။ ဘော်ရှီဗစ် ရဲဘော်တွေရဲ့ အောက်တိုဘာ အုံကြွမှုဟာ ရပ်ရှား တော်လှန်ရေးကိုပဲ ကယ်တင်ပေးခဲ့တာ မဟုတ်ဘူး၊ နိုင်ငံတကာ ဆိုရှယ်လစ်ဝါဒရဲ့ ဂုဏ်သိက္ခာကိုပါ အဖတ်ဆည်ပေးနိုင်ခဲ့တယ်။”
သူကွယ်လွန်ပြီး နှစ်ပေါင်းတရာကြာတဲ့အထိ ကျနော်တို့ဟာ ဒီမဟာလူသား၊ သူ့အတွေးအမြင်နဲ့ ရဲစွမ်းသတ္တိကို အလေးပြု ဦးညွတ်နေရဆဲ ဖြစ်တယ်။ လီနင်ဟာ သဘောတရားနဲ့ လက်တွေ့ကို ပေါင်းစပ်ပေးခဲ့သူ ဖြစ်သလို၊ အောက်တိုဘာ တော်လှန်ရေးကို လူပုဂ္ဂိုလ်အသွင်နဲ့ ကိုယ်စားပြုထားသူ ဖြစ်တယ်။ လီနင်နဲ့ ဘော်ရှီဗစ်တွေဟာ ကမ္ဘာကြီးကို ပြောင်းလဲခဲ့ကြတယ်။ ဒီကနေ့ အရင်းရှင်စနစ် အကျပ်အတည်းဆိုက်နေတဲ့ ကာလမှာ ကျနော်တို့ရဲ့ တာဝန်က ဒီအလုပ်ကို ပြီးမြောက်အောင် ဆက်လုပ်ဖို့ပဲ။
- နိုင်း(လ်)မွန် မြန်မာပြန်ပြီး လင်းလက် တည်းဖြတ်သည်
(၂၀၁၄ ခုနှစ်က Socialist Appeal စာစောင်ရဲ့ အယ်ဒီတာ Rob Sewell ရေးခဲ့သော In Defence of Lenin ဆောင်းပါးကို မြန်မာလို ဆီလျော်အောင် ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်)
[1] မူရင်းဆောင်းပါးက ၂၀၁၄ မှာ ရေးတာမို့ နှစ်ပေါင်းကိုးဆယ်၊ အခုချိန်မှာဆို နှစ်တရာကြာသည့်တိုင်လို့ အဓိပ္ပါယ်ထွက်ပါလိမ့်မယ်။
[2] ၁၉၁၇ ဖေဖော်ဝါရီ တော်လှန်ရေးအပြီးမှာ အလုပ်သမားထု ကိုယ်စားလှယ်များ၊ လယ်သမားထု ကိုယ်စားလှယ်များ၊ စစ်သား ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသော ဆိုဗီယက်တွေနဲ့ လစ်ဘရယ် ဘူဇွာကြားဖြတ်အစိုးရ ဆိုပြီး အာဏာနှစ်ရပ် စင်ပြိုင် ဖြစ်နေခဲ့တယ်။
[3] Peoples’ Commissars