စက်တင်ဘာ ၇ ရက်နေ့မှာ နောက်ဆုံးထွက်ခဲ့တဲ့ The Struggle မဂ္ဂဇင်းကို အောက်တိုဘာ တော်လှန်ရေး နှစ်ပတ်လည် နိုဝင်ဘာ ၇ ရက်နေ့မှာ issue အသစ်ထွက်ဖို့ ရည်မှန်းခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် မထွက်နိုင်ခဲ့ပါဘူး။ ဒီနှစ်လကျော်အတွင်း ဖြစ်ရပ်တွေကလဲ အလျင်အမြန် ပြောင်းလဲလျက်ရှိတယ်။
The epoch of imperialist decay
ဒီကနေ့ခေတ်ကို imperialist epoch လို့ ခေါ်ပါတယ်။ နယ်ချဲ့စနစ်ဆိုတာ အရင်းရှင်စနစ်ရဲ့ အမြင့်ဆုံးအဆင့်။ အရင်းရှင်စနစ်ဟာ နုပျိုစဉ်က ကုန်လုပ်စွမ်းအားစုတွေကို တဟုန်ထိုး တိုးတက်ဖွံ့ဖြိုးစေခဲ့ပေမယ့် နှစ်ဆယ်ရာစု ရောက်လာတဲ့အခါ လက်ဝါးကြီးအုပ်အဆင့် (monopoly capitalism) ကို ရောက်လာခဲ့တယ်။ အရင်းရှင်စနစ်ရဲ့ တိုးတက်မှု အခန်းကဏ္ဍ ကုန်ဆုံးသွားပြီး ကုန်လုပ်စွမ်းအားစု တိုးတက်ဖွံ့ဖြိုးမှုကို တားဆီးပိတ်ပင်လာတယ်။ ဒီလို အမြင့်ဆုံးအဆင့်၊ နောက်ဆုံးအဆင့်ကို တက်လှမ်းခဲ့ပြီဖြစ်တဲ့ ဇရာအို အရင်းရှင်စနစ်ဟာ ယိုယွင်းစပြုလာတယ်။
အရင်းရှင်စနစ်၊ နယ်ချဲ့စနစ်ရဲ့ ယိုယွင်းပျက်စီးမှုကို နှစ်ဆယ်ရာစုအတွင်း ကမ္ဘာစစ်ကြီးနှစ်ခုက သက်သေထူလျက်ရှိတယ်။ မျက်မှောက်ခေတ် ကမ္ဘာ့အရင်းရှင်စနစ်၊ နယ်ချဲ့စနစ်ရဲ့ ‘senile decay’ ကို ယူကရိန်း စစ်ပွဲ၊ အစ္စရေး နိုင်ငံတော်က ပါလက်စတိုင်း ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ လူမျိုးတုန်း သတ်ဖြတ်ပွဲကြီးတွေက ထင်ဟပ်ဖော်ပြနေတယ်။
ဇိုင်ယင်နစ်(စ်) အစ္စရေး နိုင်ငံတော်ရဲ့ ဂျီနိုဆိုက် သားသတ်ပွဲကြီးကို အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် အစရှိသော အရင်းရှင်နယ်ချဲ့ အစိုးရတွေက တခဲနက် အားပေးထောက်ခံနေကြတယ်။ ဇိုင်ယင်နစ်(စ်) နိုင်ငံတော်ကို ဒေါ်လာ ဘီလျံနဲ့ချီ စစ်လက်နက်တွေ ပံ့ပိုးထားတဲ့ သူတို့လက်မှာ ပါလက်စတိုင်း ပြည်သူတွေရဲ့ သွေးစွန်းနေပြီ။ ဒါတင်မကသေး၊ ပါလက်စတိုင်း ပြည်သူတွေဘက်က ရပ်တည်သော လူထုဆန္ဒပြပွဲကြီးတွေကို တားဆီးပိတ်ပင်နေတာလဲ ယူကရိန်းကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် စစ်ရေးအကူအညီ ပေးနေရပါတယ်ဆိုတဲ့ အနောက်အရင်းရှင် ကမ္ဘာက အစိုးရတွေပါပဲ။ သူတို့ပါးစပ်က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး စကားပြောဖို့ လုံးဝမထိုက်တန်။
စစ်၊ တော်လှန်ရေးနဲ့ တန်ပြန်တော်လှန်ရေး
ကမ္ဘာ့အရင်းရှင်စနစ် အကျပ်အတည်းနဲ့ စစ်ဟာ ခွဲလို့ မရသလို စစ်နဲ့ တော်လှန်ရေးဟာလဲ ဒွန်တွဲလျက်ရှိတယ်။
ပထမ ကမ္ဘာ့စစ်နဲ့အတူ ရုရှား အောက်တိုဘာ ဆိုရှယ်လစ် တော်လှန်ရေးကြီး ပေါက်ဖွားလာခဲ့တယ်။ အောက်တိုဘာ တော်လှန်ရေးနဲ့ မရှေးမနှောင်းမှာပဲ ၁၉၁၈ နှစ်မကုန်ခင် ဂျာမန် တော်လှန်ရေး ဖြစ်ခဲ့တယ်။ ဒီတော်လှန်ရေးကြီးတွေကြောင့် ပထမကမ္ဘာစစ် အဆုံးသတ်ခဲ့ရခြင်း ဖြစ်တယ်။
စဉ်းစားကြည့်ပါ။ ရုရှား အောက်တိုဘာ တော်လှန်ရေး မဖြစ်ခဲ့ရင်၊ ဂျာမန် တော်လှန်ရေး မရှိခဲ့ရင် ပထမကမ္ဘာစစ်ဟာ ဘယ်အထိ တာရှည်နေဦးမလဲ။
စစ်နဲ့တော်လှန်ရေးဟာ ဒွန်တွဲနေသလို တော်လှန်ရေးနဲ့ တန်ပြန်တော်လှန်ရေးဟာလဲ ပူးကပ်လျက်ရှိတယ်။ ရုရှား အောက်တိုဘာ တော်လှန်ရေးဟာ သွေးမြေမကျခဲ့ရဘဲ ဆုံးရှုံးမှုအနည်းဆုံးနဲ့ အောင်ပွဲရခဲ့တယ်။ ဒီအချက်ကို အတော်တော်များများက လစ်လျူရှုထားကြတယ်။ ဘော်ရှီဗစ်တွေ ခေါင်းဆောင်တဲ့ တော်လှန်ရေးလို့ ကြားလိုက်ရင် အကြမ်းဖက် တော်လှန်ရေးကြီးလို့ ထင်နေကြတာများတယ်။ တကယ်တော့ အောက်တိုဘာ တော်လှန်ရေးဟာ နှိုင်းရအားဖြင့် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အောင်ပွဲခံနိုင်ခဲ့တဲ့ တော်လှန်ရေး ဖြစ်ပါတယ်။
တော်လှန်ရေးအောင်ပြီးလို့ တန်ပြန်တော်လှန်ရေးကာလ၊ ပြည်တွင်းစစ်ကာလရောက်မှ သွေးချောင်းစီးခဲ့ရခြင်း ဖြစ်တယ်။ တော်လှန်ရေးကနေ ဖြိုချခံလိုက်ရတဲ့ သွေးစုပ်သူ လူတန်းစားဟောင်းဟာ အခွင့်ထူးခံ အခြေအနေ၊ ဓနဥစ္စာနဲ့ အာဏာကို လွယ်လွယ်နဲ့ အဆုံးရှုံးမခံနိုင်ဘူး။ အလားတူပဲ၊ ကမ္ဘာ့သမိုင်းမှာ ပထမဆုံး အောင်ပွဲခံနိုင်လိုက်တဲ့ ဆိုရှယ်လစ် တော်လှန်ရေးကို အရင်းရှင် နယ်ချဲ့ပါဝါတွေကလဲ လက်ပိုက်ကြည့်မနေနိုင်ပါဘူး။ ဒါ့ကြောင့် သူတို့ကိုယ်တိုင် ဆိုဗီယက် အလုပ်သမား နိုင်ငံတော်ကို စစ်တပ်နဲ့ ဝင်ကျူးကျော်တိုက်ခိုက်ကြတယ်။ ရုရှား အုပ်စိုးသူ လူတန်းစားအဟောင်းကို ငွေကြေး၊ လက်နက် ထောက်ပံ့ပေးရင်း တန်ပြန်တော်လှန်ရေးကို အားတက်သရော ကူညီပေးခဲ့ကြတယ်။ ဒါ့ကြောင့် တော်လှန်ရေးမှာ သွေးမြေမကျခဲ့ရတဲ့ ဆိုဗီယက်မြေဟာ တန်ပြန်တော်လှန်ရေးကြောင့် သွေးချောင်းစီးခဲ့ရတယ်။
သင်ခန်းစာ ယူတတ်မယ်ဆိုရင် ‘အရင်းရှင်နယ်ချဲ့ပါဝါတွေသည် တော်လှန်ရေးကို ကူညီလေ့မရှိ၊ တန်ပြန်တော်လှန်ရေးကိုသာ အားတက်သရော ကူညီလေ့ရှိသည်’။
Foresight over astonishment
အမေရိကန်က ယူကရိန်းကို ကူညီတာမြင်ပြီး တချို့က အားကျတယ်။ အမေရိကန်ဟာ ကမ္ဘာပေါ်က အင်အားအကြီးဆုံး အရင်းရှင်နယ်ချဲ့ပါဝါမှန်း နားမလည်ကြဘူး။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ယူကရိန်းကို ကူညီနေသလို ထင်ခဲ့ကြတယ်။ ယူကရိန်းစစ်ပွဲက တကယ်တော့ ရုရှားနဲ့ နေတိုး စစ်အုပ်စုကြားက proxy war လို့ ကျနော်တို့ ရေးခဲ့တယ်။ အနောက်နိုင်ငံတွေမှာ ‘ယူကရိန်း fatigue’ ရနေပြီလို့ သတိပေးခဲ့ဖူးတယ်။
Time မဂ္ဂဇင်း မျက်နှာဖုံးမှာ ဇယ်လင်စကီးရဲ့ ပြောစကားကို အခုလို ဖော်ပြထားတယ်။
“Nobody believes in our victory like I do. Nobody”
ကွန်မြူနစ်တွေရဲ့ သုံးသပ်ချက် မဟုတ်ပါဘူး။ အမေရိကရောက် ယူကရိန်း သမ္မတရဲ့ ညည်းတွားသံ ဖြစ်ပါတယ်။ ယူကရိန်း စစ်ပွဲကို ဆက်ထောက်ပံ့ပေးဖို့ အများပြည်သူက မကြည်ဖြူတော့ဘူး။ ဒီသဘောထားကို မြင်တွေ့လာရတာ လအတော်ချီနေပြီ၊ ဇယ်လင်စကီးရဲ့ အခုနောက်ဆုံး အမေရိကန် ခရီးစဉ်က အမေရိကန် အခွန်ထမ်း ပြည်သူတွေရဲ့ စစ်ထောက်ခံမှု ပြန်တက်လာအောင် မလုပ်နိုင်ခဲ့ဘူးလို့ တိုင်း(မ်)မဂ္ဂဇင်းရဲ့ အဲဒီမျက်နှာဖုံး အထူးဆောင်းပါးမှာ ရေးထားပါတယ်။
ကျနော်တို့ မာ့(က်စ်)ဝါဒီတွေ အစောကြီးကတည်းက သုံးသပ်ဝေဖန်ခဲ့သလိုပါပဲ။ ဒါဟာ [Marxist] သီအိုရီရဲ့ အားသာချက် နမူနာတခုလို့ ပြောရလိမ့်မယ်။
တော်လှန်ရေးဟာ တချီတည်းနဲ့ နေ့ချင်းညချင်း ပြီးဆုံးသွားတဲ့အရာ မဟုတ်ဘူး၊ process တခုပဲ။ ဒါ့ကြောင့် အောင်ပွဲရတာ ရှိသလို အရေးနိမ့်မှု ရှိတယ်၊ ဒီရေအတက်ကာလ ရှိသလို အနိမ့်ကာလ ရှိတယ်။ ရှေ့ကို ခုန်ကူးသွားနိုင်သလို နောက်ကို ပြန်ခေါက်ကျတာလဲ ရှိတယ်။ ဒီလို ရှုပ်ထွေးခက်ခဲတဲ့ ဖြစ်စဉ်တခုအတွင်း ဒီရေမြင့်ကာလကို အမိအရဖမ်းဆုပ်နိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒီရေမြင့်ကာလဆိုတာ အချိန်အကြာကြီး မတည်ရှိနိုင်သလို အဖိနှိပ်ခံ လူထုကလဲ အချိန်ပြည့် တောက်လောင်အုံကြွမနေနိုင်ဘူး။ ဒါ့ကြောင့် အဲသလို အခိုက်အတန့်အတွင်း ‘trials and errors’ မုဆိုးစိုင်သင်နည်းနဲ့ သင်နေဖို့ အချိန်မရနိုင်ဘူး။ ဒါ့ကြောင့် မာ့(က်စ်)ဝါဒသီအိုရီ လက်နက်ကို ကြိုတင်တပ်ဆင်ထားဖို့ အလွန်အရေးကြီးတယ်။
အောက်တိုဘာ တော်လှန်ရေး အချိန်တိုတိုအတွင်း အထိအခိုက်နည်းနည်းနဲ့ အောင်ပွဲရခဲ့တာ မာ့(က်စ်)ဝါဒ သီအိုရီအုတ်မြစ်ပေါ် တည်ဆောက်ထားသော ကေဒါအဖွဲ့အစည်း ရှိနေခဲ့လို့ပဲ။ အောက်တိုဘာ တော်လှန်ရေးကို ပြောင်းပြန် စဉ်းစားကြည့်ပါ။ လီနင်၊ ထရော့စကီး ခေါင်းဆောင်တဲ့ ဘော်ရှီဗစ်ပါတီအစား ဇယ်လင်စကီးလို၊ အန်ယူဂျီလို ခေါင်းဆောင်မှုမျိုးနဲ့ အောင်ပွဲရနိုင်ခဲ့မလား။ အောင်ပွဲရဖို့ ဝေးစွ၊ အောက်တိုဘာ တော်လှန်ရေးဆိုတာကို ဖြစ်မလာနိုင်ဘူး။
အလုပ်သမား လူတန်းစားကိုယ်တိုင် အာဏာအရယူနိုင်မှ တော်လှန်ရေး
မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ မဟာမိတ်တပ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်လိုက်တဲ့အခါ အေအက်(စ်) ပရိသတ်တွေရဲ့ လက်ခုပ်သံတွေ မိုးသို့ညံသွားခဲ့တယ်။ ကိုယ်အားပေးတဲ့ဘက်က တိုက်စစ်ဖွင့်လာရင် ဝမ်းသာကြတဲ့ ပရိသတ်တွေလို သူတို့လဲ ပျော်ကြပေမပေါ့။
ကျနော်တို့ကတော့ ပွဲကြည့်ပရိသတ်တွေ မဟုတ်ဘူး၊ မာ့(က်စ်)ဝါဒီ၊ ဘော်ရှီဗစ်တွေ။ ကျနော်တို့ အလုပ်က Spinoza စကားနဲ့ပြောရရင် ‘ရယ်ပွဲဖွဲ့ဖို့မဟုတ်သလို ပူဆွေးဖို့လဲမဟုတ်။ ဖြစ်စဉ်တွေကို နားလည်ဖို့ပဲ’။
တရုတ်ဟာ အရင်းရှင်နယ်ချဲ့ပါဝါဆိုတာ အမြင်ရှင်းဖို့ အရေးကြီးတယ်။ အမေရိကန်ကို အရင်းရှင်နယ်ချဲ့လို့ ပြောသူတွေပင် ဒီအချက်ကို ဝေဝါးနေကြတာတွေ့ရတယ်။ အမေရိကန်ပြီးရင် ဒုတိယ ပါဝါအကြီးဆုံးဟာ တရုတ်ပဲ။ မင်းအောင်လှိုင် အာဏာသိမ်း စစ်အစိုးရကို အဓိက ပံ့ပိုးနေတာ ရုရှား အရင်းရှင်နယ်ချဲ့ဆိုရင် ဗမာပြည် စစ်အစိုးရအပေါ် ဩဇာသက်ရောက်နိုင်ဆုံး နယ်ချဲ့ပါဝါဟာ တရုတ်ပဲ။ အမေရိကန်ခေါင်းဆောင်တဲ့ အနောက်အုပ်စုက တရုတ်လို ဩဇာမသက်ရောက်နိုင်ဘူး။
အခု မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ အာဏာသိမ်း စစ်အစိုးရဟာ တရုတ်အစိုးရ အမျက်ရှစေတဲ့အရာတွေ အကြိမ်ကြိမ် လုပ်လာတယ်။ ဒါ့ကြောင့်လဲ တရုတ်အစိုးရ ကြည်ဖြူအောင် မင်းအောင်လှိုင်တို့ အသည်းအသန် လုံးပမ်းနေရပြီ။ ဒီနောက်ခံကားချပ်ကို မြင်မှ တရုတ် အစိုးရရဲ့ ‘the carrot and the stick approach’ ကို သဘောပေါက်လိမ့်မယ်။ ဒါ့အပြင် စစ်အာဏာသိမ်း အစိုးရအတွင်း အက်ကွဲကြောင်းတွေလဲ ထွက်ပေါ်လာတာ တွေ့ရတယ်။
ဒီအခြေအနေမှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ စစ်ဆင်ရေး ထွက်ပေါ်လာတယ်။ အားရလောက်စရာ အောင်ပွဲတွေ မြင်တွေ့ခဲ့ရတယ်။ မင်းအောင်လှိုင် ခေါင်းဆောင်သော အာဏာသိမ်းစစ်တပ်ရဲ့ morale ကျဆင်းမှု၊ တိုက်ရည်ခိုက်ရည် ညံ့ဖျင်းမှုကိုလဲ အထင်းသား မြင်တွေ့ခဲ့ရတယ်။ ဒါကလဲ မထူးဆန်းဘူး။ သူတို့မှာ ခုခံတိုက်ခိုက်စရာ ဘာတခုမှမရှိ။ သေမထူး နေမထူး၊ လူလိုမနေရတဲ့ ဘဝတွေ။ ဒီတော့ အကြောင်းမဲ့ အသေမခံတာ သဘာဝကျပါတယ်။ စစ်အာဏာရှင်စနစ်တခုလုံး ခေါင်းအစ ခြေအဆုံး ဘယ့်လောက်တောင် ယိုယွင်းပျက်စီးနေသလဲ ဆိုတာကို ဒီတိုက်ပွဲတွေက ဖွင့်ပြလိုက်တာပဲ။
ဒါပေမယ့် တခုတော့ သတိပေးချင်တယ်။ စစ်ဆင်ရေးတချို့ အောင်ပွဲရတာနဲ့ တော်လှန်ရေးကြီး အောင်တော့မှာပဲလို့ စိတ်ကူးမယဉ်စေချင်ဘူး။ တာလီဘန်တွေ တမြို့ပြီးတမြို့သိမ်းရင်း တပြည်လုံး အောင်ပွဲခံနိုင်ခဲ့တဲ့ နမူနာကိုကြည့်ပြီး ဗမာပြည်မှာလဲ စစ်ဆင်ရေးတွေ တခုပြီးတခု အောင်နိုင်သွားရင် တပြည်လုံး အောင်ပွဲရမှာပဲလို့ စိတ်ကူးဖဲရိုက်နေသူတွေ ရှိတယ်။ အဲလောက် မလွယ်ဘူးဆိုတာ စဉ်းစားတတ်သူတိုင်း သိပါတယ်။ မလွယ်ပေမယ့် ကျားကုတ်ကျားခဲ ကြိုးစားရင် ငါတို့လဲ အောင်မှာပဲလို့ ပြောချင်ပြောနိုင်ပါတယ်။
ကျနော်တို့ မမေ့သင့်တဲ့အချက်၊ အခြေခံကျကျ မေးရမယ့်အချက်က လက်နက်ကိုင် အစုအဖွဲ့တွေက မြို့တွေသိမ်းပေး၊ မြို့နေလူထုက စစ်ပြေးဖြစ်၊ ကျည်လွတ်ရာအရပ်က လူတွေက ငါတို့နိုင်ပြီလို့အော်၊ အဲဒါ တော်လှန်ရေးလား။ တော်လှန်ရေးရဲ့ ‘essential element’ က အဖိနှိပ်ခံ လူထုကိုယ်တိုင် အင်တိုက်အားတိုက် ပါဝင်မှုရှိခြင်းပဲ။ လက်နက်ကိုင်ခြင်း၊ မကိုင်ခြင်းက ‘secondary question’ ပဲ။ လူတစုတဖွဲ့က လက်နက်ကိုင် တိုက်ပွဲဝင်ပေမယ့် ကျန်အဖိနှိပ်ခံ လူထုကြီးက ပွဲကြည့်ပရိသတ် ဖြစ်နေရင်၊ စစ်ပြေးဒုက္ခသည် ဖြစ်နေရင် အဲဒါ တော်လှန်ရေးလို့ ပြောမရတော့ဘူး။ ကိုယ်မုန်းတဲ့ ရန်သူ့စစ်တပ် ထိခိုက်သေဆုံးလို့ ဘေးကနေ ဝမ်းသာလက်ခုပ်တီးနေရတာပဲ ရှိမယ်။
၁၈၆၄ အောက်တိုဘာမှာ ပထမ အင်တာနေရှင်နယ်အတွက် မာ့(က်စ်)ရေးခဲ့သလိုပဲ -
‘That the emancipation of the working classes must be conquered by the working classes themselves’
အဲဒါ ဘော်ရှီဗစ်တွေရဲ့ မူပဲ၊ ဘော်ရှီဗစ်တွေ လျှောက်ခဲ့တဲ့ တော်လှန်ရေးလမ်းပဲ။ အောက်တိုဘာ တော်လှန်ရေးမှာ လီနင်၊ ထရော့စကီး ခေါင်းဆောင်တဲ့ ဘော်ရှီဗစ်ပါတီသာ မရှိခဲ့ရင် အောက်တိုဘာ တော်လှန်ရေး အောင်ပွဲမရနိုင်ဘူးလို့ အထက်မှာ ဆိုခဲ့တယ်။ subjective factor ရဲ့ အရေးပါမှုကို အဲသလို ပြောခဲ့တယ်။ ဒီလိုပြောလို့ ဘော်ရှီဗစ်ပါတီက တော်လှန်ရေးကို ဖန်တီးခဲ့တယ်လို့ မဆိုလိုဘူး။ အလုပ်သမားထု လွတ်မြောက်ရေးကို ဘော်ရှီဗစ်ပါတီက တိုက်ယူပေးခဲ့တယ်လို့ မဆိုလိုဘူး။
အလုပ်သမားထုကိုယ်တိုင် သူတို့ရဲ့ သမိုင်းမစ်ရှင်ကို သိမြင်လာအောင်၊ အလုပ်သမားထုရဲ့ အင်အားတွေ စုစည်းကျစ်လစ်လာအောင် ခေါင်းဆောင်တော်လှန်ရေးပါတီက လုပ်ဆောင်ပေးခြင်း ဖြစ်တယ်။ ခေါင်းဆောင်ပါတီက လက်နက်ကိုင်တိုက်ပေး၊ ကျန်အလုပ်သမားထုကြီးက ပွဲကြည့်ပရိသတ်လုပ်၊ အဲသလို မဟုတ်ဘူး။ အလုပ်သမားထုကိုယ်တိုင် တော်လှန်ရေးထဲ တခဲနက်ပါဝင်ခဲ့တယ်၊ အလုပ်သမားထုကိုယ်တိုင် ကိုယ်စားလှယ်တွေ (deputies) ရွေးချယ်စေလွှတ်ပြီး အလုပ်သမားကောင်စီတွေ (soviets) ဖွဲ့စည်းခဲ့တယ်။ အဲဒီဆိုဗီယက်တွေဟာ အလုပ်သမားထုရဲ့ organs of struggle ဖြစ်ခဲ့တယ်။ လီနင်ခေါင်းဆောင်တဲ့ ဘော်ရှီဗစ် ပါတီက ဒီဆိုဗီယက်တွေထဲမှာ အလုပ်သမားထု အများစုရဲ့ ထောက်ခံမှုရလာအောင် လက်တွေ့စည်းရုံးနိုင်ခဲ့တယ်။ ဒီအခြေခံပေါ်ကနေ အောက်တိုဘာ အုံကြွမှုဖြစ်ပေါ်လာတာပဲ။ ဒါ့ကြောင့် insurrection ရဲ့ အလုပ်အများစုဟာ စစ်ရေးအလုပ်မဟုတ်ဘူး၊ နိုင်ငံရေးအလုပ်လို့ ဆိုခြင်းဖြစ်တယ်။ အဲဒီလို ပြင်ဆင်နိုင်ခဲ့လို့ ရုရှား အလုပ်သမားထုကိုယ်တိုင် အာဏာအရယူနိုင်ခဲ့ခြင်း ဖြစ်တယ်။ ဘော်ရှီဗစ်ပါတီက သူတို့အစား ဝင်တိုက်ပေးခဲ့တာ မဟုတ်ဘူး။
ဘော်ရှီဗစ်တွေ ဖောက်ခဲ့တဲ့လမ်းကို ငါတို့ ဆက်လျှောက်ရဦးမယ်။ ဒါ့ကြောင့် ဘော်ရှီဗစ် ကေဒါ တည်ဆောက်ရေးဟာ ကွန်မြူနစ်တွေရဲ့ ပထမ ဦးစားပေးအလုပ်ပဲ။