၂၀၂၀ ခုနှစ် နိုဝင်ဘာ ၂၈ ဆိုရင် မာ့(က်စ်)နဲ့အတူ သိပ္ပံနည်းကျ ဆိုရှယ်လစ်ဝါဒကို ထူထောင်ခဲ့တဲ့ ဖရက်ဒရစ်(ခ်) အန်းဂယ်(စ်)ရဲ့ နှစ်(၂၀၀)ပြည့်မွေးနေ့ကို ရောက်ခဲ့ပြီ။ အန်းဂယ်စ်ဟာ သဘောတရား အရကော နိုင်ငံရေးအရပါ ကမ္ဘာ့အလုပ်သမား လူတန်းစားလွတ်မြောက်ရေးအတွက် အမြောက်အမြား အကျိုးပြုခဲ့တယ်။ ဒါပေမယ့်လည်း သူ့ဘဝတလျှောက်လုံး နှိမ့်နှိမ့်ချချနဲ့သာ ရှင်သန် အလုပ်လုပ် သွားခဲ့တယ်။ မာ့က်စ်ကိုသာ အမြဲဦးစားပေးခဲ့သူ လည်း ဖြစ်တယ်။ မာ့က်စ်ကွယ်လွန်သွားချိန်မှာလည်း မာ့က်စ်ချန်ထားခဲ့တဲ့ အရင်းကျမ်း အတွဲ(၂) နဲ့ အတွဲ(၃) မူကြမ်းတွေကို ပြီးဆုံးသည်အထိ ပြုစုခဲ့ရတယ်။ တဖက်မှာလည်း သိပ္ပံနည်းကျ ဆိုရှယ်လစ်ဝါဒ အသိပညာ ဘ ဏ္ဍာတိုက်ကြီးကို ဖြည့်တင်းခဲ့ရပြန်တယ်။
မာ့က်စ်နဲ့ အန်းဂယ်စ်တို့ အတူတကွဲ ဖော်ထုတ်ခဲ့တဲ့ သမိုင်းရေးရုပ်ဝါဒ အမြင်အရ လူသား ဖြစ်ပေါ်ထွန်းကား လာပုံကို (Outline of the General Plan) ကျမ်းပြုရေးသားဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့်လည်း အသက်အရွယ် အိုမင်းလာတဲ့ အန်းဂယ်စ်မှာ တခြားလက်ရာတွေ ပြုစုရတာ ရှိသလို ဒုတိယ အင်တာနေရှင်နယ်ကို ဆက်လက် ဦးဆောင်ရတဲ့ လက်တွေ့လုပ်ငန်းတွေလည်း ဖိစီးထားလို့ ရည်ရွယ်ထားသလို မပြုစုနိုင်ခဲ့ဘူး။ ဒါပေမယ့်လည်း သမိုင်းရေး ရုပ်ဝါဒအမြင်အရ လူသားဖြစ်ထွန်းလာပုံကို ဒီဆောင်းပါးနဲ့ ဖော်ထုတ်ပြဖို့ ကြိုးစားခဲ့တယ်။ ဒီဆောင်း ပါးကိုလည်း ဆုံးခန်းတိုင် ရေးမသွားခဲ့ရပါ။ နောင်အခါ Dialectics of Nature ကျမ်းမှာ ထည့်သွင်း ဖော်ပြခဲ့ တယ်။ ဘူဇွာ ပညာရှင်တွေက လူသားတွေ တိရစ္ဆာန်လောက က ခွဲထွက်လာခြင်းကို ဦးနှောက်ရဲ့ အသီးအပွင့် ဉာဏ်ပညာ ကြီးမားခြင်းရဲ့ ရလဒ်အဖြစ် ဒီကနေ့တိုင် ယူဆနေကြဆဲ ဖြစ်တယ်။ အန်းဂယ်စ်က ဒါနဲ့ဆန့်ကျင် ဘက် ခြေနှစ်ချောင်းပေါ် မတ်မတ်သွား သတ္တဝါဖြစ်လာရာက လက်တွေကို လုပ်အားစိုက်ထုတ် အသုံးပြုလာနိုင် တယ်။ ဒီနောက် ဘာသာစကား ပေါ်ထွက်လာတယ်။ ဦးနှောက်နဲ့ အာရုံကြောစနစ် အားကောင်းလာတယ်။ ဒါ့ ကြောင့် လုပ်အားက လူကို ဖန်တီးပေးခဲ့တယ်လို့ ဆိုတယ်။ လက်ကနေ ဦးနှောက် လို့ တင်ပြတယ်။ ဘူဇွာတွေက ဦးနှောက်ကြောင့် လူက တိရစ္ဆာန် လောကထက် ခေါင်းတလုံး ပိုသာတယ် ဆိုကြတယ်။ အခုချိန်မှာတော့ အန်း ဂယ်စ်ရဲ့ အယူအဆကို မနုဿဗေဒ အသစ် တွေ့ရှိချက်တွေက အတည်ပြုပေးခဲ့ပြီ။ ဒါ့အပြင် ဘူဇွာသဘာဝ ပတ် ဝန်းကျင် ထိန်းသိမ်းရေးသမားတွေ ဘယ်ဆီမှန်း မသိခင်ကတည်းက အန်းဂယ်စ်က လူသားနဲ့ သဘာဝရဲ့ ဆက် ဆံရေးကို တင်ပြရင်း လူသားတွေ သဘာဝကို အောင်နိုင်လာတယ်ဆိုပေမယ့် ရေရှည် သက်ရောက်မှုတွေကို မ ထိန်းချုပ်နိုင်သေးပုံ ထောက်ပြခဲ့တယ်။ သဘာဝအပေါ် ရေရှည်သက်ရောက်မှုနဲ့ လူ့အဖွဲ့အစည်းအပေါ် ရေရှည် သက်ရောက်မှုတွေ ဖြစ်ပေါ်ရခြင်း အကြောင်းရင်းကို ဆွဲထုတ်ပြသွားခဲ့တယ်။ ဒီကနေ့ခေတ်မှာ လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုတွေ၊ ရာသီဥတု ဖောက်ပြန်ပျက်စီးမှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်ပွားနေပြီ။ ဒီအခြေအနေကို ပြောင်းလဲပစ်ဖို့ သန်းနဲ့ချီသော လူငယ်ထုက တောင်းဆို တိုက်ပွဲဝင်လာကြပြီ။ အန်းဂယ်ရဲ့ ဒီဆောင်းပါးက ဒီပြဿနာတွေရဲ့ လက်သည်တရားခံကို လမ်းညွှန်ပြသလို လွတ်မြောက်ရာ လမ်းကို လည်း ပြပေးနေတယ်။ ဒါ့ကြောင့် တော်လှန်ရေး အယူအဆတွေ ပြည့်လျှမ်းနေတဲ့ ဒီဆောင်းပါးကို ဘာသာပြန် ဖော်ပြရင်း ဖရက်ဒရစ်(ခ်) အန်းဂယ်(စ်) ရဲ့ နှစ်(၂၀၀) ပြည့်မွေးနေ့ကို ဂုဏ်ပြုလိုက်ပါတယ်။
လူဝံမှ လူသားအဖြစ် ကူးပြောင်းရာတွင် ပါဝင်ခဲ့သော လုပ်အား၏ အခန်းကဏ္ဍ
လုပ်အားဟာ ဓနဥစ္စာအားလုံးရဲ့ ရင်းမြစ်ဖြစ်တယ်လို့ ဘောဂဗေဒပညာရှင်တွေက ဆိုကြတယ်။ သဘာဝကြီးက ထောက်ပံ့ပေးထားတဲ့ ရုပ်ဝတ္ထုတွေကို လုပ်အားက ဓနဥစ္စာအဖြစ် ပြောင်းလဲဖန်တီးပေးတယ်။ တကယ်တော့ လုပ်အားရဲ့ စွမ်းဆောင်မှုဟာ ဒီထက်အဆပေါင်းများစွာ ပိုတယ်။ လုပ်အားဟာ လူသားမျိုးနွယ် ဖြစ်တည်လာမှု အတွက် အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်တယ်။ လူဟာ လုပ်အားနဲ့ လူသားအဖြစ်ကို ဖန်တီးခဲ့တယ်လို့ ဆိုလို ခြင်း ဖြစ်တယ်။
အခုထိတော့ အတိအကျမဆိုနိုင်သေးတဲ့ လွန်ခဲ့သော နှစ်သိန်းပေါင်းများစွာလောက်က (ပထဝီပညာရှင်တွေက Tertiary ကာလလို့ ခေါ်ကြတယ်) ထူးထူးကဲကဲ ဖွံ့ဖြိုးတိုးထွက်လာတဲ့ မနုဝင် လူဝံမျိုးနွယ်တစုဟာ အပူပိုင်းဇုံ တနေရာမှာ ရှင်သန်နေထိုင်ခဲ့ကြတယ်။ အဲဒီဒေသဟာ အခုချိန်မှာ အိန္ဒိယသမုဒ္ဒရာ အောက်ခြေဆီ နစ်မြှုပ်သွား ပြီဖြစ်တဲ့ တိုက်ကြီးတခုအတွင်းမှာ ရှိခဲ့လိမ့်မယ်။[1] ကျနော်တို့ ဘိုးဘေးတွေအကြောင်းကို ဒါဝင်က အနီးစပ်ဆုံး ဖော်ထုတ်တင်ပြသွားတယ်။ ဒီလူဝံကြီးတွေကို အမွှေးအမျှင်တွေ ထူထူထဲထဲ ဖုံးအုပ်ထားတယ်။ မုတ်ဆိတ်တွေ၊ ချွန်ထွက်နေတဲ့ နားရွက်တွေ ရှိခဲ့တယ်။ သစ်ပင်တွေပေါ် အုပ်စုဖွဲ့ နေထိုင်ခဲ့ကြတယ်။
သူတို့ရဲ့ အသက်ရှင်သန်မှုပုံစံအရ သစ်ပင်တွေပေါ် တက်ရာမှာ လက်နှစ်ဖက်ဟာ ခြေထောက်တွေနဲ့ မတူတဲ့ လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်ရတယ်။ ဒါရဲ့ အကျိုးဆက်အနေနဲ့ မြေပြင်ပေါ် သွားလာကြတဲ့ အခါမှာလဲ လက်နှစ်ဖက်ကို မသုံးတဲ့ အလေ့အကျင့်ကို အစပြုခဲ့ကြတယ်။ တစထက်တစ မတ်မတ်လမ်းလျှောက်တဲ့ ကိုယ် နေဟန်ထားကို ကျင့်သုံးလာကြတယ်။ “ဒါဟာ လူဝံဘဝကနေ လူသားအဖြစ်ကို ကူးပြောင်းရာမှာ အဆုံးအဖြတ် ပြုပေးတဲ့ ခြေလှမ်းဖြစ်ခဲ့တယ်။”
ဒီကနေ့ခေတ်မှာ တွေ့ရတဲ့ မနုဝင် လူဝံအားလုံးဟာ မတ်မတ်ရပ်ပြီး ခြေထောက်ချည်းသက်သက်နဲ့ ရွေ့လျား သွားလာနိုင်တယ်။ ဒါပေမယ့် တကယ်လိုအပ်လှမှသာ ကို့ယို့ကားယား ပုံစံနဲ့ လမ်းလျှောက်သွားတတ်ကြတယ်။ သူတို့ရဲ့ သဘာ၀ ကိုယ်ဟန်က မတ်တပ်တပိုင်း ပုံစံသာဖြစ်တယ်။ သွားလာလှုပ်ရှားရာမှာ လက်တွေကို အသုံး ပြုဆဲဖြစ်တယ်။ လူဝံအများစုက လက်သီးဆုပ်ကို မြေပြင်ပေါ် အားပြုထောက်ပြီး ခြေထောက်ကို ဆွဲသယ်ရင်း ရှည်လျားလှတဲ့ လက်မောင်းကြီးတွေက တဆင့် ကိုယ်ခန္ဓာကို လွှဲသယ်သွားကြတယ်။ ခြေထောက်မသန်သူ တွေ ဂျိုင်းထောက်ကို အားပြုလမ်းလျှောက်တာနဲ့ အတော်တူတယ်။ ယေဘုယျအားဖြင့်ဆိုရင် ခြေလက်လေး ဖက်လုံး အသုံးပြုလမ်းလျှောက်ရတဲ့ အခြေကနေ ခြေထောက်နှစ်ချောင်းတည်းနဲ့ လမ်းလျှောက်တဲ့အနေအထား ဆီ ကူးပြောင်းသွားတဲ့ အဆင့်အားလုံးကို ဒီကနေ့ခေတ် လူဝံတွေကြားမှာ ရှုကြည့်လေ့လာနိုင်တယ်။ ဒါပေမယ့် ဒီကနေ့ခေတ် လူဝံတွေအဖို့တော့ ခြေနှစ်ချောင်းနဲ့ သွားလာခြင်းဟာ (အရေးပေါ်အခြေအနေမှာ လိုအပ်ချက်အ ရ) ယာယီကောက်သုံးတဲ့ အဆင့်ထက် တက်လှမ်းလာခြင်း မရှိဘူး။
အမွှေးအမျှင်တွေ ထူထဲလှတဲ့ ဘိုးဘေးကြီးတွေအဖို့ မတ်မတ်လမ်းလျှောက်ခြင်းဟာ ပထမ ပုံမှန်အလေ့အထ တခုလို ဖြစ်လာတယ်၊ ဒီနောက် ခြေနှစ်ချောင်းတည်းနဲ့ မတ်မတ်လမ်းလျှောက်ခြင်းကို မလွဲမသွေ ကျင့်သုံးလာ ရတယ်။ ဒီအတောအတွင်း လက်ချောင်းတွေကို ရွေ့လျားခြင်းအတွက်မဟုတ်ဘဲ တခြားလုပ်ငန်းတာဝန်တွေမှာ ပိုပိုပြီး ဇောင်းပေးအသုံးပြုလာကြတယ်။ [2] လူဝံတွေကြားထဲမှာကို လက်နဲ့ ခြေထောက်ကြား အလုပ်ခွဲဝေမှု တိတိကျကျ ရှိနေပြီ။ ဆိုခဲ့သလိုပဲ၊ အမြင့်ကို တွယ်တက်ရာမှာ လက်နဲ့ခြေထောက်ကို တမျိုးစီ အသုံးပြုကြ တယ်။ လက်ကို အစားအသောက်တွေ လှမ်းဆွဲဖို့၊ ဆွတ်ခူးဖို့အတွက် အသုံးပြုတယ်၊ အဆင့်နိမ့် နို့တိုက်သတ္တဝါ တွေကြား ရှေ့ခြေတွေကို အသုံးပြုသလိုမျိုးပဲ။ မျောက်တော်တော်များများက သစ်ပင်တွေပေါ်မှာ အသိုက်တွေ ဆောက်ဖို့ရာ လက်တွေကို အသုံးပြုလာကြတယ် (ဒါမှမဟုတ်) ချင်ပန်ဇီးတွေလိုမျိုး ရာသီဥတုဒဏ် ကာကွယ်ဖို့ ရာ သစ်ကိုင်းတွေကြား အမိုးတွေ တည်ဆောက်တာမျိုးအထိ လက်တွေကို သုံးလာကြတယ်။ ရန်သူတွေရဲ့ အန္တ ရာယ်ကနေ ကာကွယ်ဖို့ရာ သူတို့ရဲ့ လက်တွေနဲ့ တင်းပုတ်ကြီးတွေကို ကိုင်တွယ် အသုံးပြုလာကြတယ်။ ဒါမှမ ဟုတ်ရင်လည်း ရန်သူတွေကို ကျောက်တုံးတွေ၊ သစ်ဥသစ်ဖုတွေနဲ့ ကောက်ပေါက်ကြတယ်။ အဖမ်းခံထားရတဲ့ အခြေအနေမှာဆိုရင် မျောက်တွေဟာ လူသားတွေဆီက အတုခိုးထားတဲ့ ရိုးရိုးရှင်းရှင်း အလုပ်တွေကို သူတို့ လက်တွေသုံးပြီး အကောင်အထည် ဖော်တတ်ကြတယ်။ [3] ဒါပေမယ့် မျောက်တွေမှာ ဒီလောက်ပဲ လုပ်တတ် ရှာတယ်။ ဒီနေရာမှာ (မနုသအနွယ်တွေထဲ အဖွံ့ဖြိုးဆုံးဆိုတဲ့) လူဝံတွေရဲ့ ဖွံ့ဖြိုးမလာသော လက် နဲ့ နှစ်သိန်းဂ ဏန်းနဲ့ချီပြီး လုပ်အားစိုက်ထုတ် အသုံးပြုလာလို့ ပြီးပြည့်စုံနေတဲ့ လူသားရဲ့ လက် ဘယ်လောက်တောင်ကွာခြား နေသလဲ အထင်းသားတွေ့ရတယ်။ အရိုးနဲ့ ကြွက်သားတွေရဲ့ အရေအတွက်ကော၊ ယေဘုယျဖွဲ့စည်းပုံပါ အတူ တူပဲ။ ဒါပေမယ့် ရှေးဦးအရိုင်းအစိုင်း အနိမ့်ဆုံးအဆင့် (the lowest savage ကိုဆိုလို) မှာ ရှိနေသေးတဲ့ လူ သားရဲ့လက်က ဘယ်မျောက်ရဲ့လက်မှ လိုက်မတုနိုင်တဲ့ အလုပ်တွေကို လုပ်နိုင်တယ်။ ဘယ်မျောက်ရဲ့လက်မှ အကြမ်းထည် ကျောက်လက်နက် တခုကိုတောင် မဖန်တီးနိုင်သေးဘူး။
အစမှာတော့ ရှေးဦးလူသားတွေရဲ့ လက်တွေဟာ အင်မတန်ရိုးစင်းတဲ့ အလုပ်တွေကိုပဲ လုပ်နိုင်ကြဦးမယ်၊ ဒီအ လုပ်တွေကို လုပ်နိုင်ဖို့ ကျနော်တို့ရဲ့ ဘိုးဘေးလူသားတွေဟာ လူူဝံအဖြစ်ကနေ လူသားအဖြစ် ကူးပြောင်းနေတဲ့ နှစ်ထောင်ပေါင်းများစွာအတွင်း သူတို့ရဲ့လက်တွေကို တစတစ အလိုက်သင့်ပြောင်းလဲရင်း လေ့ကျင့်သင်ကြားခဲ့ ကြတယ်။ တိရစ္ဆာန်အခြေအနေကို ပြန်ခေါက်သွားတာမျိုး၊ တချိန်တည်းမှာ ရုပ်ခန္ဓာပိုင်းအရကို ချို့တဲ့ယိုယွင်း သွားတာမျိုး ရှေးဦးအရိုင်းအစိုင်း အနိမ့်ဆုံးအဆင့် လူသားတွေကြားမှာ ဖြစ်ခဲ့လိမ့်မယ်လို့ ယူဆကြည့်နိုင်တယ်။ အဲသလို ပြန်ခေါက်သွားတဲ့ ရှေးဦးလူသားတွေတောင် မျောက်ဝံအဖြစ်ကနေ ကူးပြောင်းနေဆဲ သတ္တဝါတွေ ထက် အများကြီး ပိုလုပ်နိုင်နေပြီ။ လူသားရဲ့လက်တွေက ကျောက်ရိုင်းတုံးကနေ ဓားလက်နက်ကို ပထမဆုံးအ ကြိမ် ဖန်တီးမထုတ်နိုင်သေးခင် အချိန်တခုကို မလွဲမသွေဖြတ်သန်းခဲ့ရလိမ့်မယ်။ အဲဒီအချိန်အတိုင်းအတာနဲ့ နိုင်းစာလိုက်ရင် ဒီကနေ့ ကျနော်တို့ သိနေတဲ့ သမိုင်းကာလအပိုင်းအခြားဆိုတာ ဘာမှ မပြောပလောက်သေး ဘူး။ ဒီလိုကျောက်လက်နက်ကို ဖန်းတီးနိုင်တဲ့အဆင့် မရောက်သေးတဲ့ အချိန်အပိုင်းအခြားအတွင်းမှာကို အဆုံး အဖြတ်ပြုပေးတဲ့ အချိုးအကွေ့ကို ရောက်ရှိခဲ့ပြီ။ အဲဒါကတော့ “လက်နှစ်ဖက်ဟာ လွတ်လပ်လာခဲ့တယ်”၊ အဲဒီ အချိန်ကစလို့ လူသားရဲ့ လက်တွေဟာ ပိုပြီး ဖန်တီးထုတ်လုပ်ရာမှာ ပိုပြီး ကျွမ်းကျင်ပိုင်နိုင်လာခဲ့တယ်။ တတ် မြောက်လာတဲ့ လိုသလို ပြုပြင်ပြောင်းလဲနိုင်စွမ်းကို နောင်လာမယ့်သားမြေးတွေဆီ အမွေလက်ဆင့်ကမ်းပေး ရင်း တိုးပွားသထက် တိုးပွားစေခဲ့တယ်။
ဒါ့ကြောင့် လက်ဟာ လုပ်အားစိုက်ထုတ်ရာ ကိရိယာသက်သက်သာ မဟုတ်ဘူး၊ “လုပ်အားရဲ့ အသီးအပွင့် လည်း” ဖြစ်တယ်။ လုပ်အားစိုက်ထုတ်မှသာ၊ အသစ်အသစ်သော လုပ်ငန်းတွေနဲ့ ကိုက်ညီအောင် အလိုက်သင့် ပြောင်းလဲခြင်းဖြင့်၊ ဒီလိုနည်းနဲ့ ထွက်ပေါ်လာတဲ့ ကြွက်သားတွေ အရွတ်တွေရဲ့ အထူးတိုးတက်မြင့်မားလာမှုကို အမွေလက်ဆင့်ကမ်းခြင်းအားဖြင့်၊ အချိန်တွေကြာမြင့်လာတဲ့အခါ အရိုးတွေရဲ့ အထူးတိုးတက်မြင့်မားလာမှုကို ပါ အမွေလက်ဆင့်ကမ်းခြင်းအားဖြင့်၊ ဒီလို အမွေဆက်ခံရရှိလာတဲ့ တိုးတက်မှုတွေကို နောက်ထပ်အသစ်အ သစ်သော ပိုမိုရှုပ်ထွေးလှတဲ့ လုပ်ငန်းတွေ ဖော်ဆောင်ရာမှာ ပိုမိုသစ်လွင်တဲ့နည်းနဲ့ အသုံးချစေခိုင်းခြင်းအားဖြင့် လူသားရဲ့ လက်ဟာ ကျွမ်းကျင်မှုပြည့်ဝတဲ့ အဆင့်ကို ရောက်ရှိလာခဲ့တယ်။ ဒီလိုနည်းနဲ့ Raphael ရဲ့ ပန်းချီ ကားတွေ အသက်ဝင်လာခဲ့ခြင်းဖြစ်တယ်၊ Thorwaldsen ရဲ့ ဗိသုကာရုပ်ထုတွေ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်တယ်၊ Paganini ရဲ့ ဂီတကို ဖန်တီးလာနိုင်ခြင်းဖြစ်တယ်။ ဒါပေမယ့် လက်ဟာ သူချည်းသက်သက် မတည်ရှိနိုင်ဘူး။
လက်ဟာ အင်မတန်ရှုပ်ထွေးလှတဲ့ သက်ရှိ ကိုယ်ထည်တခုလုံးရဲ့ အဖွဲ့ဝင်အစိတ်အပိုင်းတခုသာ ဖြစ်တယ်။ လက်ကို အကျိုးဖြစ်ထွန်းစေခဲ့တဲ့အရာ (လုပ်အားကို ရည်ညွှန်းခြင်းဖြစ်တယ်) ဟာ သူအလုပ်အကျွေးပြုရတဲ့ ခန္ဓာတခုလုံးကိုပါ အကျိုးဖြစ်ထွန်းစေခဲ့တယ်။ နည်းလမ်းနှစ်သွယ်နဲ့ အကျိုးဖြစ်ထွန်းစေခဲ့တယ်။
ပထမဆုံးနည်းက ဒါဝင်ပြောတဲ့ “law of correlation of growth” အရ ခန္ဓာတခုလုံးကို အကျိုးဖြစ်ထွန်းစေခဲ့ ခြင်းဖြစ်တယ်။ ဒီနိယာမအရ၊ သက်ရှိခန္ဓာကိုယ်တခုရဲ့ သီးခြားအစိတ်အပိုင်းတွေရဲ့ တိကျတဲ့ ပုံသဏ္ဍန်တွေဟာ သာမန်အမြင်အားဖြင့် ချိတ်ဆက်မှုမရှိဘူး ထင်ရတဲ့ တခြားအစိတ်အပိုင်းတွေရဲ့ တိကျတဲ့ပုံသဏ္ဍန်တွေနဲ့ အမြဲ ဆက်စပ်နေတယ်။ ဒါ့ကြောင့်ပဲ နျူးကလိယပ်(စ်)မပါသော သွေးနီဆဲ(လ်)တွေရှိကြတဲ့အပြင် သူတို့ရဲ့ လည်တိုင် ကို (condyles) လို့ခေါ်တဲ့ နှစ်ထပ်ကွမ်း အရိုးဆက်က ပထမ ကျောရိုးဆစ်နဲ့ တွယ်ဆက်ပေးထားတဲ့ သတ္တဝါ အားလုံးမှာ ရင်သွေးငယ်တွေကို နို့တိုက်ဖို့ရာ နို့ထွက်ဂလန်း(ဒ်)တွေ (ခြွင်းချက်မရှိ) ပိုင်ဆိုင်ထားကြတယ်။ အ လားတူပဲ၊ နို့တိုက်သတ္တဝါတွေမှာ ခွာခြေထောက်တွေရှိနေခြင်းဟာ အစာချေဖျက်ဖို့ရာ အစာအိမ်အများကြီး ပိုင် ဆိုင်ထားခြင်းနဲ့ ဆက်နွှယ်မှု အမြဲရှိနေတယ်။ တချို့သော အစိတ်အပိုင်းတွေမှာ ပြောင်းလဲမှုတွေဖြစ်သွားရင် ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေရဲ့ ပုံသဏ္ဍာန်လည်း ပြောင်းလဲမှုတွေ လိုက်ဖြစ်တယ်။ ကျနော်တို့အနေနဲ့ ဒီဆက်နွှယ်မှုကို ရှင်းမပြနိုင်သေးရင်တောင် ပြောင်းလဲမှုတွေကတော့ လိုက်ဖြစ်နေတယ်။[4] အပြာရောင်မျက် လုံးတွေရှိနေတဲ့ အဖြူရောင် ကြောင်တွေဟာ အမြဲတမ်း (ဒါမှမဟုတ်) အမြဲတမ်းနီးပါး နားကန်းနေတတ်တယ်။ လူသားရဲ့လက်တွေ တစထက်တစ ကျွမ်းကျင်မှုပြည့်ဝလာခြင်း၊ ဒါနဲ့အတူ မတ်မတ်ရပ်သွားတဲ့ ကိုယ်ဟန်ဖြစ် လာဖို့ ခြေထောက်တွေကို အလိုက်သင့်ပြုပြင်ပြောင်းလဲလာခြင်းတွေဟာ အဲဒီသတ္တဝါရဲ့ ကျန်အစိတ်အပိုင်းတွေ အပေါ်ကို အဆိုပါ ဆက်နွှယ်မှုနိယာမအရ မလွဲမသွေ သက်ရောက်မှုရှိခဲ့မယ်။ ဒါပေမယ့်လည်း အခုချိန်မှာ ဒီအ ချက်ကို ယေဘုယျသဘောလောက်သာ ပြောနိုင်သေးတယ်၊ ဒီထက်ကျယ်ကျယ်ပြန့်ပြန့် နားလည်လာအောင် အများကြီး ထပ်လေ့လာရဦးမယ်။
အင်မတန်အရေးကြီးတဲ့ အချက်က သက်ရှိခန္ဓာကိုယ်ရဲ့ ကျန်အစိတ်အပိုင်းတွေအပေါ် လက်တွေ ဖွံ့ဖြိုးလာခြင်း ရဲ့ တိုက်ရိုက်သက်ရောက်မှုပဲ။ ဆိုခဲ့ပြီးသလိုပဲ၊ ကျနော်တို့ရဲ့ လူဝံဘိုးဘေးကြီးတွေဟာ အအုပ်အသင်းနဲ့ စု ပေါင်းနေထိုင်ကြတဲ့ သတ္တဝါတွေဖြစ်တယ်။ သတ္တဝါတွေအားလုံးထဲမှာ အအုပ်အသင်းနဲ့ စုပေါင်းနေထိုင်တတ် ဆုံး လူသားရဲ့ ဆင်းသက်လာရာ လမ်းကြောင်းကို စုပေါင်းနေထိုင်ခြင်း မပြုတဲ့ အနီးကပ် ဘိုးဘေးတွေဆီမှာ သွားရှာလို့ မဖြစ်နိုင်ဘူး။ လုပ်အားစိုက်ထုတ်မှုကြောင့် လက်တွေ တိုးတက်ဖွံ့ဖြိုးလာရာက သဘာဝအရိုင်းကို ကြိုးကိုင်စေခိုင်းလာနိုင်တယ်၊ ဒါ့ကြောင့်ပဲ မနုဝင်ရဲ့ ရှေ့တက်ရာ လမ်းအဆင့်တိုင်းမှာ လူသားရဲ့ မိုးကုပ်စက် ဝိုင်းဟာ ကျယ်ပြန့်သထက် ကျယ်ပြန့်လာခဲ့တယ်။ လူသားဟာ ဒီအရင်က သိရှိနားလည်ခြင်းမရှိသေးတဲ့ သဘာ ၀ ရုပ်လောကရဲ့ ဂုဏ်သတ္တိတွေကို စဉ်ဆက်မပြတ် စူးစမ်းရှာဖွေနေတယ်။ တခြားတဖက်မှာကျ၊ လုပ်အားတိုး တက်လာမှုဟာ လူ့သမဂ္ဂဝင်တွေကို စုပေါင်းအလုပ်လုပ်ခြင်း၊ အပြန်အလှန် ဖေးမစေခြင်းအားဖြင့် အချင်းချင်း ပို မိုနီးကပ်စေခဲ့တယ်၊ ဒီလိုစုပေါင်းလုပ်ဆောင်ခြင်းရဲ့ အကျိုးကျေးဇူးကို တဦးချင်းစီ ရှင်းရှင်းလင်းလင်း သိလာစေ ခြင်းအားဖြင့် လူ့သမဂ္ဂဝင်တွေကို ပိုမိုနီးစပ်စေခဲ့တယ်။ ခပ်တိုတိုဆိုရရင်၊ လူသားအဖြစ် ရုန်းထွက်နေဆဲ လူသား တွေဟာ သူတို့ချင်း “တယောက်ကိုတယောက် ပြောဆိုဆက်သွယ်ဖို့ရာ လိုအပ်လာ”တဲ့ အနေအထားကို ရောက် ရှိ လာတော့တယ်။ ဒီလိုအပ်ချက်အရ ဆက်သွယ်ပြောဆိုဖို့ ကိုယ်အင်္ဂါတွေ ဖန်တီးခြင်းကို ဖြစ်စေခဲ့တယ်၊ ကောင်းကောင်းမွန်မွန် ဖွံ့ဖြိုးခြင်းမရှိသေးတဲ့ လူဝံဘဝက အသံအိုးကို တစစ ပြုပြင်တိုးချဲ့ရင်း မလွဲမသွေ ပြောင်း လဲခဲ့ရတယ်၊ ပါးစပ်အတွင်းက အင်္ဂါတွေဟာလည်း စကားသံတွေ တလုံးပြီးတလုံး ပြောတတ်အောင် တဖြည်း ဖြည်းချင်း သင်ယူခဲ့ရတယ်။
ဘာသာစကားရဲ့ မူလအစကို ကုန်ထုတ်ဖြစ်စဉ်အတွင်း/မှ ရှင်းပြခြင်းကသာ တခုတည်းသော မှန်ကန်တဲ့ ရှင်းပြ ချက်ဖြစ်ကြောင်း တိရစ္ဆာန်တွေနဲ့ နှိုင်းယှဉ်လေ့လာခြင်းက သက်သေထူနေတယ်။ ဖွံ့ဖြိုးမှုအဆင့် အမြင့်ဆုံးဆိုတဲ့ တိရစ္ဆာန်တွေတောင် သူတို့အချင်းချင်း ဆက်သွယ်ဖို့ အနည်းအကျဉ်းသာ လိုအပ်တယ်၊ စကားသံအကူအညီမ ပါဘဲ ဆက်သွယ်နိုင်ကြတယ်။ သဘာဝအတိုင်းဆို၊ ဘယ်တိရစ္ဆာန်မှ လူသားစကားကို နားလည်ဖို့ (ဝါ) လူသား လို စကားသံပြု မပြောနိုင်ခြင်းကို ခံစားမနေဘူး။ ဒါပေမယ့် လူသားရဲ့ မွေးမြူထိန်းသိမ်းမှုကို ခံလာရတဲ့အခါမှာ တော့ အဲလိုမဟုတ်တော့ဘူး။ ခွေးနဲ့မြင်းဟာ လူတွေနဲ့ နီးစပ်လာတဲ့အခါ စကားသံတွေကို ကောင်းကောင်းနား ထောင်နိုင်စွမ်းရှိတဲ့ နားတစုံကို ဖွံ့ဖြိုးလာစေခဲ့တယ်၊ ဒီအခါ သူတို့ဖွံ့ဖြိုးနိုင်သမျှ အယူအဆ နယ်နိမိတ်အတွင်းမှာ ဘယ်ဘာသာစကားကိုမဆို အလွယ်တကူ နားလည်လာကြတယ်။ ဒါတင်မကသေးဘူး၊ ခံစားနိုင်စွမ်းတွေလည်း သူတို့မှာ ဖွံ့ဖြိုးလာကြတယ်၊ ဥပမာ- လူသားတွေကို တွယ်တာချစ်ခင်ခြင်း၊ သခင်အပေါ် ကျေးဇူးစောင့်သိခြင်း စ သဖြင့်။ ဒီခံစားနိုင်စွမ်းတွေဟာ လူတွေနဲ့ မထိတွေ့ခင်ကဆိုရင် သူတို့နဲ့ လားလားမှ မသက်ဆိုင်ခဲ့ဘူး။ အခုဆို ရင် ဒီတိရစ္ဆာန်တွေဟာ အသံပြုစကားမပြောနိုင်ခြင်းကို ချို့ယွင်းချက်တခုလို ခံစားမိလာကြပြီ၊ ဒါပေမယ့်လည်း သူတို့ရဲ့ အသံပြုအင်္ဂါတွေကို တိကျတဲ့ ဦးတည်ချက်အတိုင်း အထူးပြုပြင်ဆင်ထားခြင်း မရှိလို့ ဒီချို့ယွင်းချက်ကို ကုစားလို့မရနိုင်တော့ဘူး။ တိရစ္ဆာန်တွေနဲ့ လက်ပွန်းတတီးရှိတဲ့ သူတွေအဖို့ ဒီအခိုင်အမာ အဆိုပြုချက်ကို ငြင်း ပယ်နိုင်စွမ်းရှိမှာ မဟုတ်ဘူး။ (အသံပြု)အင်္ဂါရှိတယ်ဆိုရင် အတိုင်းအတာတခုအတွင်းမှာ အသံထွက်မပြောနိုင် ခြင်းဟာ ပျောက်ကွယ်သွားတယ်။ ငှက်တွေရဲ့ အာခံတွင်းအင်္ဂါအစိတ်အပိုင်းတွေနဲ့ လူတွေရဲ့ အာခံတွင်းအင်္ဂါ တွေ မတူကြဘူး၊ ဒါပေမယ့်လည်း ငှက်တွေကသာ အသံပြုပြောနိုင်တဲ့ တိရစ္ဆာန်တွေ ဖြစ်တယ်။ အကောင်းဆုံး ပြောဆိုတတ်တဲ့ ငှက်က အသံထွက်အညံ့ဆုံး ကြက်တူရွေးငှက်ဖြစ်နေတယ်။ ကြက်တူရွေးက သူပြောတဲ့စကား ကို နားလည်နိုင်စွမ်းမရှိဘူးဆိုတာကိုတော့ ငြင်းနေဖို့မလိုဘူး။ အမှန်ပဲ၊ ကြက်တူရွေးဟာ လူနဲ့ ပြောဆိုဆက်နွှယ် နေရတဲ့ အရသာခံစားဖို့ သက်သက်အတွက်နဲ့ နာရီပေါင်းများစွာ စကားတွေ ပြောနေလိမ့်မယ်၊ ပြောနေကျ စ ကားလုံးတွေချည်း ထပ်တလဲလဲ ရွတ်နေလိမ့်မယ်။ ဒါပေမယ့်လည်း သူ့အတိုင်းအတာနဲ့ ဖွံ့ဖြိုးနိုင်သမျှ အယူအ ဆနယ်နိမိတ် ဘောင်ထဲမှာတော့ သူပြောနေတဲ့ စကားတွေကို နားလည်လာအောင် သင်ယူနိုင်သေးတယ်။ ကြက်တူရွေးတကောင်ကို အဆဲစကားလုံးတွေရဲ့ အဓိပ္ပါယ်ကိုပါ သိလာတဲ့အထိ သင်ပေးကြည့်လိုက်ပါ (အပူ ပိုင်းဒေသတွေက ပြန်လာတဲ့ သင်္ဘောသားတွေ အင်မတန်သဘောကျတဲ့ အလုပ်တခု)။ သူ့ကို ဒေါသထွက် အောင် ဆွပေးလိုက်ရင် ကြက်တူရွေးက အဆဲစကားကို ဘာလင်က အသီးအရွက် ဈေးသည်လောက် မှန်မှန် ကန်ကန် သုံးတတ်တာ တွေ့ရလိမ့်မယ်။ အလားတူပဲ၊ အစာလည်း ကောင်းကောင်းတောင်းတတ်လိမ့်မယ်။
“လုပ်အားက အရင်ဖြစ်တယ်” ဒီနောက် လုပ်အားနဲ့အတူယှဉ်ပြီး အသံထွက်ဘာသာစကား ထွက်ပေါ်လာတယ်။ ဒီနှစ်ချက်ဟာ မရှိမဖြစ်အရေးပါတဲ့ လှုံ့ဆော်မှုကြီး နှစ်ခုဖြစ်တယ်၊ သူတို့ရဲ့ သက်ရောက်မှုကြောင့် လူဝံဘဝက ဦးနှောက်ဟာ လူသားရဲ့ဦးနှောက်အဖြစ် တစတစပြောင်းလဲသွားတယ်။ လူရဲ့ဦးနှောက်က လူဝံ ဦးနှောက်နဲ့ ဆင်တူပေမယ့် ပိုပြီးကြီးထွားလာတယ်၊ ပိုပြီး ပြည့်စုံလာတယ်။ ဦးနှောက်ဖွံ့ဖြိုးလာတာနဲ့ သူ့ရဲ့ ဖွားဖက်တော် ကိ ရိယာတွေပါ တိုးတက်ဖွံ့ဖြိုးလာခဲ့တယ်။ အဲဒါတွေကတော့ အာရုံခံအင်္ဂါတွေပဲ။ စကားသံတွေ တစတစ ဖွံ့ဖြိုးလာ တာနဲ့ အကြားအာရုံခံ အင်္ဂါတွေ လိုက်ပါပြောင်းလဲ တိုးတက်လာခဲ့သလို၊ ဦးနှောက်တခုလုံး တိုးတက်လာတာနဲ့ တခြား အာရုံခံအင်္ဂါတွေ အားလုံးလည်း လိုက်ပါပြောင်းလဲလာခဲ့တယ်။ လင်းယုန်ငှက်က လူသားထက် အဝေး ကြီးကို လှမ်းမြင်နိုင်တယ်၊ ဒါပေမယ့်လည်း လူသားမျက်လုံးက လင်းယုန်မျက်လုံးထက် အရာဝတ္ထုတွေရဲ့အ တွင်းကို ပိုပြီးမြင်တယ်။ ခွေးက လူထက် အနံ့ခံပိုကောင်းတယ်။ ဒါပေမယ့်လည်း လူသားတွေက မတူညီတဲ့ အ ရာတွေကြားက အနံ့ကွာခြားမှုကို ခွေးထက်ပိုခွဲခြားနိုင်တယ်။[5] အထိအတွေ့အာရုံကို လူဝံတွေမှာ အကြမ်း ထည် ကနဦးပုံစံအနေနဲ့ပဲ ခံစားနိုင်တယ်။ လုပ်အားစိုက်ထုတ်ရာက လူသားရဲ့လက်တွေ ဖွံ့ဖြိုးလာတာနဲ့ အထိ အတွေ့အာရုံခံစားမှုလည်း တိုးတက်ဖွံ့ဖြိုးလာခဲ့တယ်။
ဦးနှောက်နဲ့ အပေါင်းအပါ အာရုံခံအင်္ဂါတွေ တိုးတက်ဖွံ့ဖြိုးလာခြင်း၊ သိစိတ်ပိုမို ကြည်လင်လာခြင်း၊ ယေဘုယျ သဘော ထုတ်ယူ၊ သုံးသပ်နိုင်စွမ်း မြင့်မားလာခြင်းတွေက လုပ်အားနဲ့ စကားသံအပေါ် တဖန်ပြန် သက်ရောက် မှုရှိတယ်။ ဒါ့ကြောင့်ပဲ လုပ်အားနဲ့ စကားသံ ထပ်မံဖွံ့ဖြိုးတိုးတက်ဖို့ရာ အသစ်အသစ်သော တွန်းဆော်မှုတွေ ထပ်ပေးပြန်တယ်။ လူသားက လူဝံ/မျောက်ဝံလောကနဲ့ အပြီးတိုင်လမ်းခွဲထွက်လာချိန်အထိ နောက်ထပ်တိုး တက်ဖြစ်ထွန်းမှုဟာ အဆုံးမသတ်သေးဘူး။ ဒါပေမယ့်လည်း တခုလုံးခြုံကြည့်မယ်ဆိုရင်၊ အင်မတန်အား ကောင်းတဲ့ တိုးတက်မှုတွေ ဆက်လက်ဖြစ်ပေါ်စေခဲ့တယ်၊ မတူညီတဲ့ မျိုးနွယ်စုတွေကြား မတူညီတဲ့ ကာလတွေ မှာ လားရာနဲ့ အတိုင်းအတာ ကွာခြားမှုတွေတော့ ရှိခဲ့တယ်၊ တခါတရံမှာ ယာယီအားဖြင့် နောက်ပြန်ဆုတ်သွား မှုတွေလည်း ကြုံခဲ့ရနိုင်တယ်။ နောက်ထပ်နောက်ထပ် တိုးတက်ဖွံ့ဖြိုးမှုကို တဖက်မှာ အင်တိုက်အားတိုက် တွန်း ဆော်ခဲ့ပြီး၊ ကျန်တဖက်မှာ ပိုပြီးတိကျတဲ့ ဦးတည်ချက်တွေအတိုင်း လမ်းညွှန်ပေးခဲ့တာကတော့ လူသားပီပီသသ ဖြစ်ထွန်းလာ တာနဲ့ ပေါ်ပေါက်လာတဲ့ အရာပဲ။ အဲဒါကတော့ “လူ့အဖွဲ့အစည်း”။
သစ်ပင်တွေပေါ် အမှီပြု သင်းဖွဲ့နေထိုင်တတ်တဲ့ မျောက်ဝံအုပ်စုဘဝကနေ လူ့သမဂ္ဂတခုပေါ်ထွက်မလာခင် နှစ် ပေါင်းသိန်းနဲ့ချီ ကြာမြင့်ခဲ့လိမ့်မယ်၊ (နှစ်သိန်းဂဏန်းဆိုတာ ကမ္ဘာ့သမိုင်းမှာတော့ လူ့ဘဝရဲ့ တစက္ကန့်လိုပဲ)။[6] ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ နောက်ဆုံးတော့ လူ့အဖွဲ့အစည်းရယ်လို့ ပေါ်ထွက်လာခဲ့ပြီ။ ဒီတော့ လူ့အဖွဲ့အစည်း နဲ့ မျောက်ဝံအုပ်စုကြား ဘယ်ဝိသေသ ကွာခြားချက်တွေများ ကျနော်တို့ တွေ့ရသလဲ။ “လုပ်အား”။ လူဝံအုပ်တွေ ဟာ ပထဝီဝင် အနေအထားအရ သတ်မှတ်ပြဌာန်းထားတဲ့ (ဝါ) အနီးအနားတဝိုက်က တခြားလူဝံအုပ်တွေရဲ့ ခု ခံငြင်းဆန်မှု အတိုင်းအဆက သတ်မှတ်ပြဌာန်းထားတဲ့ စားကျက်မြေမှာပဲ ရှာဖွေစားသောက်ရင်း ကျေနပ်ခဲ့ကြ တယ်။ တခြားစားကျက်မြေတွေကို ရွှေ့ပြောင်းနေထိုင်ရင်း စားကျက်အသစ်တွေကို ရရှိလာအောင် တိုက်ပွဲတွေ ဝင်ခဲ့ကြတယ်။ ဒါပေမယ့်လည်း လူဝံတွေဟာ စားကျက်မြေက “သဘာဝအလျောက်” သူတို့ကို ပေးထားသ လောက်ပဲ ရှာဖွေစားသုံးနိုင်စွမ်းရှိကြတယ်။ ခြွင်းချက်အနေနဲ့ သူတို့စွန့်ထုတ်လိုက်တဲ့ မစင်တွေကြောင့် သူတို့ ကိုယ်တိုင် မသိလိုက်ဘဲ မြေသြဇာတက်လာအောင် လုပ်မိတာကလွဲလို့ ဒီထက်ပိုမထုတ်နိုင်ကြဘူး။ ရှာတွေ့သမျှ စားကျက်မြေအားလုံးကို အခြေချပြီးတဲ့အခါမှာတော့ လူဝံဦးရေဟာ ထပ်တိုးလာခြင်း မရှိတော့ဘူး။ တိရစ္ဆာန်အ ရေအတွက်ဟာ တန့်နေတော့တယ်။ အစားအသောက်တွေ တော်တော်များများ လေလွင့်ပျက်စီးတာတွေ ရှိသ လို၊ အစားအစာဖြစ်လာမယ့် နောက်မျိုးဆက်ကိုပါ သန္ဓေသားဘဝမှာတင် ဖျက်စီးပစ်တာမျိုးတွေ လုပ်ကြသေး တယ်။ အမဲလိုက်လူသားနဲ့ ကွာခြားတာက ဝံပုလွေတွေဟာ နောက်နှစ်တွေမှာ သူတို့အတွက် စားစရာ ဒရယ် မျိုးဆက်တွေ မွေးဖွားပေးမယ့် ဒရယ်မိခင်တွေကိုပါ မချန် စားသောက်ပစ်တာပဲ။ ဂရိက ဆိတ်တွေဟာ ချုံနွယ် ပင်ပေါက်လေးတွေကို အကုန်စားသောက်ပစ်ကြတယ်၊ ဒီလိုနဲ့ သူတို့စားကျက်မြေ တောင်ကုန်းတွေအားလုံးနီး ပါး ကတုံးဖြစ်ကုန်တယ်။ တိရစ္ဆာန်တွေရဲ့ “အမဲလိုက်စီးပွားရေး” ဟာ မျိုးစိတ်ကို တစတစပြောင်းလဲရာမှာ အ ရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်တယ်။ ဒီလို အစားအစာ ရှာဖွေစားသောက်တဲ့ပုံစံကြောင့် စားနေကျ အစားအ သောက်တွေမဟုတ်တဲ့ တခြားအစားအစာတွေကိုပါ စားတတ်အောင် လိုက်လျောညီထွေ ပြုပြင်ယူခဲ့ရတယ်။ အဲ ဒါကြောင့်ပဲ တခါက တည်ရှိခဲ့တဲ့ မျိုးစိတ်တွေ သေဆုံးသွားချိန်မှာ၊ သူတို့ရဲ့ သွေးသားထဲ အရင်ကနဲ့ မတူတဲ့ ဓာ တုဖွဲ့စည်းပုံတခု ဖြစ်တည်လာတယ်၊ ကိုယ်ခန္ဓာတခုလုံးရဲ့ ဖွဲ့စည်းတည်ဆောက်ပုံလည်း တစတစ ပြောင်းလဲလာ တယ်။[7] ဒီအမဲလိုက်စီးပွားရေးက ကျနော်တို့ဘိုးဘေးတွေ လူသားအဖြစ် တစတစကူးပြောင်းရာမှာ အင်မတန် သက်ရောက်မှု ကြီးမားခဲ့တယ်ဆိုတာ အငြင်းပွားစရာမရှိဘူး။ တခြားတိရစ္ဆာန်တွေအားလုံးထက် ဉာဏ်ရည် ဉာဏ်သွေးကော၊ လိုက်လျောညီထွေပြောင်းလဲနိုင်မှုပါ အဆမတန် သာလွန်တဲ့ လူဝံမျိုးနွယ်စုအတွင်း အမဲလိုက် စီးပွားရေးကြောင့် စားလို့ရတဲ့ အပင်အရေအတွက် တိုးသထက်တိုးလာခဲ့တယ်၊ ဒီအပင်တွေရဲ့ စားလို့ရတဲ့ အ စိတ်အပိုင်းတွေလည်း များသထက်များ လာခဲ့တယ်။ အတိုချုပ်ရရင်၊ စားသောက်တဲ့ အစားအစာ အမျိုးအစာ ပို စုံလင်လာတယ်၊ ဒီတော့ ခန္ဓာကိုယ်ထဲဝင်လာတဲ့ ပစ္စည်းတွေလည်း ပိုစုံလင်လာတယ်၊ ဒါဟာ လူသားအဖြစ်ကူး ပြောင်းဖို့ လိုအပ်တဲ့ ဓာတုပိုင်းဆိုင်ရာ ရေခံမြေခံဖြစ်လာတယ်။ ဒါပေမယ့် ဒါတွေကို လုပ်အား လို့ မခေါ်နိုင်သေး ဘူး။ “လုပ်အားစိုက်ထုတ်ခြင်းဖြစ်စဉ်က ကိရိယာတွေကို ဖန်တီးခြင်းနဲ့ အစပြုတယ်။” ဒီတော့ ကျနော်တို့ အစော ဆုံး ဘယ်ကိရိယာတွေကို ရှာတွေ့သလဲ (ဒါက ရှေးအကျဆုံး အကဲဖြတ်သုံးသပ်ပုံလည်း ဖြစ်တယ်။ သမိုင်းဦး လူသားရဲ့ ဆွေစဉ်မျိုးဆက် အမြတ်တနိုးနဲ့ လက်ဆင့်ကမ်းလာတဲ့ ပစ္စည်းတွေကိုကြည့်ပြီး အကဲဖြတ်သုံးသပ်တဲ့ နည်း၊ အစောဆုံး သမိုင်းဦးလူသားတွေနဲ့ ဒီကနေ့ခေတ်အထိ ကျန်နေသေးတဲ့ ရှေးဦး အရိုင်းအစိုင်းအဆင့် လူ သားတွေရဲ့ ဘဝရှင်သန်မှုပုံစံအရ အကဲဖြတ်တဲ့နည်းလည်း ဖြစ်တယ်)။ အဲဒါတွေကတော့ အမဲလိုက်ကိရိယာ တွေနဲ့ ငါးမျှားကိရိယာတွေပဲ။ အမဲလိုက်ကိရိယာတွေက ရှေးဦးလူသားတွေအဖို့ လက်နက်တွေလည်း ဖြစ်တယ်။
အမဲလိုက်ခြင်းနဲ့ ငါးမျှားခြင်းကို ကြည့်ပြီး လူဟာ အသီးအရွက်ချည်း စားတဲ့သတ္တဝါအဖြစ်ကနေ အသားငါးကိုပါ တွဲစားလာတဲ့ သတ္တဝါအဖြစ် ကူးပြောင်းလာခြင်းလို့ ယူဆနိုင်တယ်။ “ဒါဟာ လူသားအဖြစ်ကူးပြောင်းရာမှာ အင် မတန်အရေးကြီးတဲ့ ခြေလှမ်းဖြစ်တယ်”။ “အသားငါးအစားအသောက်” ထဲမှာ ဇီဝကမ္မလုပ်ငန်းအတွက် သတ္တဝါ လိုအပ်တဲ့ “အရေးအကြီးဆုံး ပစ္စည်းတွေ” အဆင်သင့်ပါဝင်နေတယ်။ ဒီလို အစားအသောက်ပုံစံ ပြောင်းလဲလာ ခြင်းကြောင့် အစာချေဖို့အချိန် ပိုတိုသွားသလို၊ သက်သက်လွတ်စားဘဝနဲ့ ကိုက်ညီမှုရှိခဲ့တဲ့ အသီးအရွက်စား သုံးသော ကိုယ်ခန္ဓာဖြစ်စဉ်တွေအတွက် ကြာချိန်လည်း လျော့နည်းသွားစေတယ်။ ဒါ့ကြောင့် တိရစ္ဆာန်ဘဝကို အားမာန်အပြည့် ရှင်သန်နေထိုင်နိုင်ဖို့ရာ အချိန်တွေ၊ ရုပ်ပိုင်းလိုအပ်ချက်တွေနဲ့ စွမ်းအင်တွေ ပိုရရှိလာတယ်။ လူ သားအဖြစ် ဖန်တီးနေဆဲ လူသားတွေက အပင်လောကနဲ့ ပိုခွဲထွက်လာလေ တခြားတိရစ္ဆာန်တွေထက်လည်း ပို ရှေ့ရောက်လာလေ ဖြစ်တယ်။ အသီးအရွက်ကော အသားငါးကော စားသုံးလာခြင်းကြောင့် ကြောင်အရိုင်း ခွေး အရိုင်းတွေကို လူ့အစေခံအဖြစ် ပြောင်းလဲစေခဲ့သလို၊ အသီးအရွက်ချည်း စားလာရာက အသားငါးတွေပါ စား သုံးလာခြင်းဟာ လူသားအဖြစ် ကူးပြောင်းနေဆဲ လူသားကို ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းပြီး လွတ်လွတ်လပ်လပ် ရပ်တည်နိုင်အောင် အများကြီး အထောက်အကူပြုခဲ့လိမ့်မယ်။ ဒါပေမယ့် အသားငါးအစားအသောက်က ဦး နှောက်အပေါ် အရေးအကြီးဆုံး သက်ရောက်မှုရှိခဲ့တယ်၊ ဒီလိုစားသောက်လာခြင်းကြောင့် ဦးနှောက် ဖွံ့ဖြိုးမှုနဲ့ အာဟာရဖြည့်တင်းမှုအတွက် လိုအပ်တဲ့ ရုပ်ပစ္စည်းတွေကို အဆမတန် ပေါပေါများများ ရရှိလာတယ်။ ဒါ့ကြောင့် ဦးနှောက်ဟာ မျိုးဆက်တခုပြီးတခု မြန်မြန်ဆန်ဆန်နဲ့ ပြည့်ပြည့်စုံစုံ ဖွံ့ဖြိုးတိုးတက်လာခြင်းဖြစ်တယ်။[8] သက် သက်လွတ်စားသမားတွေနဲ့ ပတ်သက်လို့ပြောရရင်၊ လူသားဟာ အသားငါးသာ မစားခဲ့ရင် လူသားအဖြစ်ကို ရောက်လာမှာ မဟုတ်ဘူးဆိုတာ အသိအမှတ်ပြုရလိမ့်မယ်။ ကျနော်တို့ သိရှိထားသမျှ လူသားမျိုးနွှယ်စုတွေ ကြား ဇာတ်တူသားချင်း စားသုံးတာမျိုး တခါတရံမှာ ရှိခဲ့ဖူးတယ် ဆိုရင်တောင် ဒီအချက်ဟာ ဒီကနေ့ခေတ် လူ သားတွေအပေါ် ဘာသက်ရောက်မှုမှ ရှိမနေဘူး။
အသားငါးစားသောက်ခြင်းကြောင့် “အချိုးအကွေ့ဖြစ်စေတဲ့ အရေးကြီးတိုးတက်မှု အသစ်နှစ်ခု”ကို ဖြစ်ပေါ်စေခဲ့ တယ်၊ “မီးကိုအသုံးချ စေခိုင်းလာနိုင်ခြင်း” နဲ့ “တိရစ္ဆာန်အရိုင်းကို အယဉ်ပြုလာနိုင်ခြင်း”။ မီးကို အသုံးချ စေခိုင်း လာနိုင်လို့ အစာချေဖျက်ခြင်း ဖြစ်စဉ်ကို အချိန်ပိုတို သွားစေခဲ့တယ်၊ မီးကို အသုံးချလာတဲ့အခါ ပါးစပ်ထဲရောက် လာတဲ့ အစားအစာဟာ ချေဖျက်ပြီးသား တပိုင်း ဖြစ်နေခဲ့ပြီ။ တိရစ္ဆာန်အရိုင်းကို အယဉ်ပြု မွေးမြူလာခြင်း ကြောင့် စားစရာ အသားတွေ အလျှံပယ်ပေါများလာခဲ့တယ်၊ အရင်ကလို အမဲလိုက်မှ အသားရတာမဟုတ်တော့ ဘူး၊ မွေးမြူထားတဲ့ တိရစ္ဆာန်တွေဟာ အသားပုံမှန်ရစေတဲ့ ရင်းမြစ်အသစ်ဖြစ်လာတယ်။ အသားတင်မကသေး ဘူး၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေပါ ရရှိလာတယ်၊ ဒါတွေက ဖွဲ့စည်းတည်ဆောက်ထားပုံအရ အသားလောက် တန်ဖိုး ရှိတဲ့ ပစ္စည်းအသစ်တမျိုးပဲ။ ဒါ့ကြောင့် ဒီတိုးတက်မှုနှစ်ခုလုံးဟာ လူသားလွတ်မြောက်ရေးကို တိုက်ရိုက်အကျိုး ပြုတဲ့ ကိရိယာအသစ်တွေ ဖြစ်လာခဲ့တယ်။ ဒီနေရာမှာ သူတို့ရဲ့ သွယ်ဝိုက် အကျိုးသက်ရောက်မှုတွေကို အ သေးစိတ် မဆွေးနွေးတော့ဘူး၊ သွယ်ဝိုက် အကျိုးသက်ရောက်မှုတွေကလည်း လူသားနဲ့ လူ့အဖွဲ့အစည်း ရှေ့ ဆက် တိုးတက်လာဖို့ရာ အတွက် အင်မတန် အရေးပါခဲ့တယ်။
လူသားဟာ စားလို့ရသမျှ အကုန်စားတတ်အောင် သင်ယူခဲ့သလို၊ ဘယ်ဥတုရာသီမှာမဆို ရှင်သန်နိုင်အောင် လည်း သင်ယူခဲ့တယ်။ ရှင်သန်နေထိုင်လို့ရတဲ့ ကမ္ဘာတလွှား လူသားမျိုးနွှယ်တွေ ပျံ့နှံ့သွားတယ်၊ ဒီလို နေရာအ နှံ့အပြားမှာ ရှင်သန်နိုင်ထိုင်နိုင်စွမ်းရှိတဲ့ တမျိုးတည်းသော သတ္တဝါဖြစ်တယ်။ ဥတုရာသီအားလုံးနဲ့ လိုက်လျော ညီထွေ ရှင်သန်နေထိုင်လာကြတဲ့ တခြားတိရစ္ဆာန်တွေ (အိမ်မွေးတိရစ္ဆာန်တွေနဲ့ အင်းဆက်ပိုးမွှားတွေ) က လူ သားလို လွတ်လွတ်လပ်လပ် ရပ်တည်နိုင်ခြင်း မရှိဘူး၊ လူသားကို အမှီပြုပြီးမှ ရှင်သန်နိုင်ခြင်းဖြစ်တယ်။ လူသား စတင်ဖြစ်ထွန်းလာရာ မွေးရပ်မြေမှာ တနှစ်ပတ်လုံး ပူပြင်းတဲ့ ရာသီဥတုရှိတယ်၊ ဒီလိုဒေသကနေ နွေနဲ့ဆောင်း ကွဲသွားတဲ့ ပိုအေးသော အရပ်တွေဆီ ပြောင်းရွှေ့လာတဲ့အခါ လိုအပ်ချက်အသစ်တွေ ပေါ်လာတယ်။ အအေး ဒဏ်၊ ပူနွေးစွတ်စိုတဲ့ဒဏ်တွေကို ကာကွယ်ဖို့ အမိုးအကာနဲ့ အဝတ်အထည်တွေ လိုအပ်လာတယ်၊ လုပ်အား စိုက်ထုတ်ရာ နယ်ပယ်အသစ်တွေ လိုအပ်လာတယ်၊ ဒီတော့ လုပ်အားပုံစံအသစ်တွေ ထပ်တိုးလာတာနဲ့အမျှ တိရစ္ဆာန်လောကနဲ့ လူသားလောက ပိုကွဲသထက် ကွဲထွက်လာခဲ့တယ်။
လူတဦးချင်းမှာသာမက လူ့အဖွဲ့အစည်းမှာပါ လက်တွေ၊ စကားသံထွက် အင်္ဂါအစိတ်အပိုင်းတွေနဲ့ ဦးနှောက်တို့ ရဲ့ “ပူးပေါင်းလုပ်ဆောင်မှု” ကြောင့် လူသားဟာ ပိုပိုပြီး ရှုပ်ထွေးတဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော်လာ နိုင်တယ်၊ ပိုပိုပြီး မြင့်မားတဲ့ ရည်မှန်းချက်တွေကို သူတို့ဘာသာချမှတ်ပြီး အောင်မြင်အောင်လည်း စွမ်းဆောင် လာနိုင်တယ်။ မျိုးဆက်တခုပြီးတခု [9] လုပ်အား ဟာ ကွဲပြားလာတယ်၊ ပိုပြီး ကျွမ်းကျင်ပြည့်ဝလာတယ်၊ အမျိုး ကွဲ စုံသထက် စုံလာတယ်။ အမဲလိုက်ခြင်းနဲ့ တိရစ္ဆာန်မွေးမြူခြင်းတွေအပြင် စိုက်ပျိုးရေးကိုပါ ထပ်တိုးလုပ်ကိုင် လာခဲ့တယ်၊ ဒီနောက် ချည်ငင်တာ၊ အထည်ယက်တာ၊ သတ္တုလုပ်ငန်းတွေ လုပ်ကိုင်တာ၊ မြေအိုးလုပ်တာနဲ့ ရေ ကြောင်းသွားလာရေးတွေ။ ကုန်ထုတ်လုပ်ခြင်းနဲ့ ကုန်သွယ်ခြင်းတွေနဲ့အတူ နောက်ဆုံးမှာ အနုပညာနဲ့ သိပ္ပံလဲ ပေါ်ထွက်လာတော့တယ်။ လူမျိုးစုတွေ စုဖွဲ့နေထိုင်လာရာကနေ တိုင်းပြည်နဲ့ နိုင်ငံတော်တွေ ပေါ်ပေါက်လာခဲ့ တယ်။ ဥပဒေနဲ့ နိုင်ငံရေးတွေ ပေါ်ပေါက်လာတယ်၊ ဒါတွေနဲ့အတူ လူသား ကျင်လည် လုပ်ကိုင်နေရတဲ့ ရုပ်ဘ၀ က လူသားရဲ့ စိတ်မှာ ကွန့်မြူးတဲ့ပုံစံနဲ့ ထင်ဟပ်လာတယ်။ အဲဒါကတော့ ဘာသာရေးပဲ။ “ကနဦးမှာ” စိတ်ရဲ့ ထုတ်ကုန်တွေလို့ “ထင်ရပြီး” လူ့အဖွဲ့အစည်းကို “အုပ်စိုးနေတယ် ထင်ရတဲ့” ဒီဖန်တီးမှုတွေအားလုံး ထွက်ပေါ် လာတဲ့အခါ အလုပ်လုပ်သော လက်ရဲ့ ထုတ်ကုန်တွေဟာ နောက်တန်းကို ပို့ခံလိုက်ရတော့တယ်။ လူ့အဖွဲ့အ စည်းရဲ့ အစောဆုံး အဆင့်ကတည်းက ကုန်ထုတ်ဖြစ်စဉ်ကို စီမံခန့်ခွဲတဲ့ စိတ် (ဉာဏလုပ်အား သက်သက်သာ စိုက်ထုတ်ရသော လူတွေကို ရည်ညွှန်း) က သူကိုယ်တိုင် လက်နဲ့ ကုန်ထုတ်စရာ မလိုတော့ဘဲ တခြားသူတွေ ရဲ့ လက်တွေနဲ့ ကုန်ထုတ်တာကို ထိုင်စီစဉ်ရုံပဲ ရှိတော့တယ်၊ အဲဒီအချိန်ကတည်းက အလုပ်လုပ်သော လက်ရဲ့ အခန်းကဏ္ဍကို နောက်တန်းကို ပို့ပြီး၊ ချောင်ထိုးသထက် ချောင်ထိုးလာခဲ့တယ်။ လူယဉ်ခေတ် တဟုန်ထိုး တိုး တက်လာခြင်းဟာ စိတ်ရဲ့ အကျိုးပြုမှု၊ ဦးနှောက် ကြီးထွားလာခြင်းနဲ့ လုပ်ဆောင်မှုကြောင့်လို့ ယူဆခဲ့ကြတယ်။ လူသားဟာ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို သူတို့ရဲ့ လိုအပ်ချက် ရုပ်အခြေခံပေါ်ကနေ ရှင်းမပြတော့ဘဲ အ တွေးအခေါ်ပေါ် အခြေခံပြီး ရှင်းပြလာကြတယ်။ (တကယ်တော့ လူသားရဲ့ ရုပ်ဘ၀ လိုအပ်ချက်တွေဟာ စိတ် ကြေးမုံပြင်မှာ ထင်ဟပ်ပြီး သိစိတ်ရယ်လို့ ဖြစ်လာကြတယ်)။ ဒီတော့ လူသားသမိုင်းတလျှောက် စိတ်ဝါဒ လော ကအမြင်ဟာ ရှေးခေတ်ကမ္ဘာ ပြိုကျပြီးကတည်းက လူသားတွေရဲ့ စိတ်ကို ကြီးစိုးလာခဲ့တယ်။ ဒီအမြင်ဟာ လူ သားတွေအပေါ် ဘယ်လောက်တောင် ကြီးစိုးနေသလဲဆိုရင် ဒါဝင်နီယန်ဂိုဏ်းက ရုပ်ဝါဒအဆန်ဆုံး သဘာဝတ္ထ ပညာရှင်တွေတောင် လူသားမူလအစနဲ့ ပတ်သက်လို့ ရှင်းလင်းတဲ့ အယူအဆကို မဖော်ထုတ်နိုင်သေးဘူး။ ဒီ စိတ်ဝါဒလွှမ်းမိုးမှုကြောင့် လူသားအဖြစ် ကူးပြောင်းရာမှာ ပါဝင်ခဲ့တဲ့ လုပ်အားရဲ့ အခန်းကဏ္ဍကို သူတို့ အသိအ မှတ် မပြုကြလို့ အခုလို ေ၀ဝါးနေခြင်းဖြစ်တယ်။
အထက်မှာ ဆိုခဲ့သလိုပဲ၊ တိရစ္ဆာန်တွေဟာ လူသားလောက် မလုပ်နိုင်ပေမယ့် လူသားတွေလိုပဲ ပြင်ပသဘာ၀ လောကကြီးကို သူတို့ရဲ့ လုပ်ဆောင်မှုတွေနဲ့ ပြောင်းလဲပစ်ကြတယ်၊ ရုပ်ပတ်ဝန်းကျင်အတွင်း သူတို့ကြောင့် ဖြစ် ပေါ်လာရတဲ့ ဒီပြောင်းလဲမှုတွေက သူတို့အပေါ် တကျော့ပြန် သက်ရောက်မှုရှိတယ်။ သဘာဝမှာ ဘယ်အရာမှ သီးခြားဖြစ်နေတာ မရှိဘူး။ အရာရာတိုင်းက တခြားအရာတိုင်းအပေါ် အပြန်အလှန် သက်ရောက်နေကြတယ်။ ဒီလို “မျက်နှာစာပေါင်းစုံရှိတဲ့ ရွေ့လျားပြောင်းလဲခြင်းနဲ့ အပြန်အလှန် သက်ရောက်ခြင်း”ကို မေ့ထားကြလို့ ကျ နော်တို့ရဲ့ သဘာဝတ္တ ပညာရှင်ကြီးတွေဟာ အရိုးရှင်းဆုံး အရာတွေကို ကြည်ကြည်လင်လင် မမြင်နိုင်ကြခြင်း ဖြစ်တယ်။ ဆိတ်တွေက ဂရိမှာ ချုံနွယ်ပိတ်ပေါင်းတွေ နလံမထူနိုင်အောင် စားသုံးပစ်ကြပုံကို အပေါ်မှာ ဆွေး နွေးခဲ့ပြီးပြီ၊ စိန့် ဟယ်လင်နာကျွန်းပေါ်ကို ရောက်လာသူတွေနဲ့ အတူပါလာတဲ့ ဆိတ်တွေ၊ ဝက်တွေက အဲဒီ ကျွန်းရဲ့ အပင်ဟောင်းတွေ အားလုံးနီးပါး ပြောင်းတလင်းခါသွားအောင် စားသောက်ပစ်ခဲ့ကြတယ်၊ ဒါ့ကြောင့် နောက်ရောက်လာတဲ့ သင်္ဘောသားတွေနဲ့ ကိုလိုနီသမားတွေ ယူလာတဲ့ သစ်ပင်မျိုးစိတ်တွေ ဒီကျွန်းပေါ် ပြန့်ပွား သွားနိုင်အောင် မြေနေရာ ပြင်ပေးထားသလို ဖြစ်သွားတယ်။ ဒါပေမယ့် တိရစ္ဆာန်တွေ သူတို့ရုပ်ပတ်ဝန်းကျင်အ ပေါ် တာရှည်တဲ့ သက်ရောက်မှု ရှိစေခဲ့ရင်တောင် ဒါဟာ “ရည်ရွယ်ချက်မရှိဘဲ ဖြစ်သွားတာ”သက်သက်ပဲ၊ တိ ရစ္ဆာန်တွေအဖို့တော့ ဒါဟာ “မတော်တဆဖြစ်ရပ်”ပဲ။ ဒါပေမယ့်လည်း လူသားတွေက တိရစ္ဆာန်တွေနဲ့ ပိုကွဲထွက် လာလေ၊ လူသားရဲ့ သဘာဝလောကအပေါ် သက်ရောက်မှုတွေဟာ “တိကျတဲ့ ပန်းတိုင်တွေဆီ ဦးတည်ပြီး ကြို တင်စီမံ လုပ်ဆောင်ခြင်း” လက္ခဏာ ပိုဆောင်လာလေ ဖြစ်တယ်။ တိရစ္ဆာန်တွေက ဒေသတခုရဲ့ အပင်လောက ကို ဘာလုပ်နေမှန်း မသိဘဲ ဖျက်စီးပစ်တယ်။ လူသားကတော့ လွတ်လပ်သွားတဲ့ မြေတွေပေါ်မှာ အသီးအနှံ တွေ စိုက်ပျိုးထုတ်လုပ်နိုင်အောင် အပင်ရိုင်းတွေကို ဖျက်စီးပစ်ခြင်းဖြစ်တယ် (ဝါ) စိုက်ပျိုးထားတာထက် အဆ ပေါင်းများစွာ ပိုထုတ်ပေးမယ့် သစ်ပင်တွေ/နွယ်ပင်တွေ စိုက်ပျိုးဖို့ ဖျက်စီးပစ်ခြင်းဖြစ်တယ်။ အသုံးဝင်တဲ့ သစ် ပင်တွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို နိုင်ငံတနိုင်ငံကနေ နောက်တနိုင်ငံဆီ တင်ပို့ကြတယ်။ ဒီလိုနဲ့ တိုက်ကြီးတခု လုံးရဲ့ ဇီဝမျိုးစိတ်တွေကို ပြောင်းလဲစေတယ်။ ဒါတင်မကသေးဘူး။ အပင်နဲ့ တိရစ္ဆာန်တွေကို လုံးဝမမှတ်မိ တော့လောက်အောင် လူသားရဲ့ လက်နဲ့ ပြောင်းလဲပစ်ခဲ့တယ်။ ကျနော်တို့ စားသုံးနေတဲ့ သီးနှံမျိုးစိတ်ပေါင်းများ စွာ စတင်ထွက်ပေါ်လာတဲ့ မူလအပင်အရိုင်းတွေကို ကနေ့တိုင် အချည်းနှီး ရှာဖွေနေကြသေးတယ်။[10] ခွေး မျိုးကွဲတွေ ဒီကနေ့မှာ အများကြီးရှိနေပြီ၊ ဒီခွေးတွေ ဆင်းသက်လာခဲ့တဲ့ မူလအစ တိရစ္ဆာန်အရိုင်းက ဘာဖြစ်မ လဲ၊ (ဝါ) ဒီကနေ့ မြင်းမျိုးကွဲပေါင်းလည်း အလားတူ အမြောက်အမြား ဖြစ်နေပြီ၊ သူတို့ရဲ့ မူလအစ တိရစ္ဆာန်အ ရိုင်းက ဘာဖြစ်မလဲ၊ ဒီပြသနာကို အခုထိ အငြင်းပွားနေကြဆဲ။
တကယ်တော့ ကျနော်တို့က တိရစ္ဆာန်တွေမှာ ကြိုတင်စီမံကိန်းချ လုပ်ဆောင်နိုင်စွမ်း လုံးဝမရှိဘူးလို့ ငြင်းဆန် နေခြင်း မဟုတ်ပါ။ ဒါနဲ့ဆန့်ကျင်ဘက်သာ ဖြစ်တယ်၊ သက်ရှိပရိုတင်း တည်ရှိပြီး (တုံ့ပြန်မှုပြုတိုင်း)* “စနစ်တ ကျ စီစဉ်လုပ်ဆောင်ခြင်း” ဟာ “သန္ဓေသားအနေနဲ့” တည်ရှိတယ်။ (*= ဆိုလိုတာက တိကျတဲ့ ပြင်ပ စေ့ဆော် အား ရှိလာတိုင်း တိကျတဲ့ လှုပ်ရှားမှုတွေကို အကောင်အထည်ဖော်တယ်၊ အဲဒီလှုပ်ရှားမှုတွေဟာ အင်မတန် ရိုးရှင်းကောင်း ရိုးရှင်းနိုင်တယ်)။ ဒီလို တုံ့ပြန်မှုပြုခြင်းဟာ အာရုံကြောဆဲ(လ်) မပြောနဲ့၊ ဆဲ(လ်)ရယ်လို့ ပီပီပြင် ပြင် မရှိသေးတဲ့ အနေအထားမှာကို ဖြစ်ပွားတယ်။ အင်းဆက်စားအပင်တွေ သားကောင်ကို ဖမ်းယူတဲ့ ပုံစံဟာ အခုပြောနေတဲ့ စနစ်တကျ ပြင်ဆင်လုပ်ဆောင်ခြင်း သဘောမျိုးပဲ၊ ဒီလိုလုပ်ဆောင်ရာမှာ သိစိတ်မပါတာဘဲ ရှိ မယ်။ သက်ရှိတိရစ္ဆာန်တွေမှာ သိစိတ်ရှိရှိ၊ စနစ်တကျ ပြင်ဆင်လုပ်ဆောင်ခြင်းဟာ အာရုံကြောစနစ် ဖွံ့ဖြိုးလာ ခြင်းနဲ့အတူ ပေါ်ထွက်လာခြင်း ဖြစ်တယ်၊ နို့တိုက်သတ္တဝါတွေမှာ ဒီလုပ်ဆောင်နိုင်စွမ်းဟာ အတော်မြင့်မားလာ ပြီ။ အင်္ဂလန်မှာ မြေခွေးကို အမဲလိုက်ရင်း၊ မြေခွေးတကောင်ဟာ မုဆိုးလက်ကနေ လွတ်မြောက်အောင် ဒေသန္တ ရ အသိကြွယ်ဝမှုကို ဘယ်လောက်တောင် ကောင်းကောင်းကြီး အသုံးချနိုင်သလဲ ရှုကြည့်လေ့လာနိုင်တယ်၊ ဒါ့ အပြင် ခြေရာခံမရအောင် အနံ့ဖျောက်ပေးနိုင်တဲ့ မြေပြင်အနေအထားကို ကောင်းကောင်းကို နားလည် အသုံးချ နိုင်သေးတယ်။ လူသားနဲ့ နီးနီးကပ်ကပ် နေလာရာက ပိုပြီး အဆင့်မြင့် တိုးတက်လာတဲ့ အိမ်မွေးတိရစ္ဆာန်တွေ ဟာ လူသား ကလေးငယ်တွေလောက် လိမ္မာပါးနပ်မှုရှိတာ တွေ့နိုင်တယ်။ မိခင်ရဲ့ သားအိမ်ထဲက သန္ဓေသားဖွံ့ ဖြိုးမှု သမိုင်းဟာ ကျနော်တို့ရဲ့ တိရစ္ဆာန်ဘိုးဘေးကြီးတွေ ကျောရိုးမဲ့သတ္တဝါ အဆင့်ကနေ နှစ်သန်းပေါင်းများစွာ ရုပ်ခန္ဓာပိုင်း တိုးတက်ဖွံ့ဖြိုးလာတဲ့ သမိုင်းရှည်ကြီးကို အတိုချုံ့ပုံစံနဲ့ ထပ်ကျော့ထားခြင်းသာ ဖြစ်တယ်။ အလား တူပဲ၊ လူသားကလေးငယ်ရဲ့ သိစိတ်ဖွံ့ဖြိုးမှုဟာလည်း ဒီဘိုးဘေးကြီးတွေရဲ့ သိစိတ် တစတစ ဖွံ့ဖြိုးလာမှုသမိုင်း ကို ပိုပြီး အတိုချုံ့တဲ့ ပုံစံနဲ့ ထပ်ကျော့ထားခြင်းသာ ဖြစ်တယ်။ ဒါပေမယ့် တိရစ္ဆာန်အားလုံးရဲ့ စနစ်တကျ ပြင် ဆင်လုပ်ဆောင်မှု အားလုံးဟာ သဘာ၀ လောကအပေါ် တိရစ္ဆာန်တွေရဲ့ လိုအင်ဆန္ဒကို အရာထင်ကျန်စေ လောက်တဲ့အထိ တခါမှ ရလဒ် မဖြစ်ထွန်းစေခဲ့ဘူး။ ဒီလို လုပ်နိုင်ဖို့ လူသားကို လိုအပ်တယ်။
အတိုချုပ်ရရင်၊ တိရစ္ဆာန်က ပြင်ပ သဘာဝလောကို “သုံးစွဲရုံပဲ သုံးစွဲတယ်”၊ ဒီလို တိရစ္ဆာန်တွေ ရှိနေခြင်းအား ဖြင့် သဘာ၀ လောကကြီးမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတယ်။ လူသားကတော့ “သဘာ၀ လောကကို ပြောင်းလဲ စေခြင်းဖြင့်” သူမျှော်မှန်းရာ ပန်းတိုင်တွေကို အကောင်အထည်ဖော်တယ်၊ “သဘာ၀ လောကကို ပိုင်ပိုင်နိုင်နိုင် ထိန်း ချုပ်စေခိုင်း”တယ်။ ဒါဟာ လူသားနဲ့ တခြားတိရစ္ဆာန်တွေ ကြားက အရေးအကြီးဆုံး ကွာခြား ချက်ပဲ။ “ဒီကွာခြားချက်ကို ဖြစ်ပေါ်စေတာ လူသားရဲ့ လုပ်အားပဲ”။
“ဒါပေမယ့်လည်း လူသားက သဘာဝလောကအပေါ် အောင်နိုင်ခြင်းကို သိပ် မာန်တက်မနေနဲ့ဦး”။ အောင်ပွဲတ ခါရတိုင်း သဘာဝတရားကလည်း ကျနော်တို့ လူသားတွေအပေါ် တန်ပြန် တိုက်ခိုက်လာတယ်။ အမှန်ပဲ၊ သဘာ ဝလောကအပေါ် အောင်ပွဲတခါရလိုက်တိုင်း ပထမဆုံးအနေနဲ့ ကျနော်တို့ အလေးအနက် စဉ်းစားထားတဲ့ နောက်ဆက်တွဲတွေ ဖြစ်လာမယ်၊ ဒါပေမယ့် ဒါနဲ့မရပ်သေးဘူး၊ ကြိုမမြင်နိုင်တဲ့ တခြား အကျိုးသက်ရောက်မှု တွေလည်း ရှိလာတယ်၊ ကျနော်တို့ ကြိုတင်တွက်ဆထားတဲ့ ကနဦး သက်ရောက်ချက်တွေကို ပယ်ဖျက်သွား လေ့ရှိတယ်။ မက်ဆိုပိုတေးမီးယား၊ ဂရိ၊ အေးရှ မိုင်းနားနဲ့ တခြားဒေသက လူသားတွေဟာ စိုက်ပျိုးမြေဖော်ဖို့ သစ်တောတွေကို ဖျက်စီးပစ်ခဲ့ရတယ်၊ ဒီလို သစ်တောတွေကို ခုတ်ထွင်ရှင်းလင်းပစ်ရင်း စိုထိုင်းဆကို သိုမှီးထိန်း သိမ်းပေးထားတဲ့ ဒေသကြီးတွေ ပျက်စီးသွားခဲ့ရတယ်၊ အဲဒီတိုင်းပြည်တွေရဲ့ အခုလက်ရှိ အင်မတန် ဆိုးရွားတဲ့ အခြေအနေ ဖြစ်ပေါ်လာစေဖို့ အဲဒီလုပ်ရပ်တွေက အုတ်မြစ်ချပေးခဲ့တယ်ဆိုတာကို သူတို့ ကြို မမြင်နိုင်ခဲ့ဘူး။ တောင်ကုန်းမြင့်ကြီးတွေရဲ့ တောင်ဘက်ခြမ်း လျှောစောင်းပေါ် နေထိုင်ကြတဲ့ အီတလျံတွေဟာ မြောက်ဘက် ခြမ်း လျှောစောင်းပေါ် တယုတယ မွေးမြူလာတဲ့ ထစ်ရှူးတောတွေကို ပြောင်တလင်းခါအောင် သုံးစွဲပစ်ခဲ့ကြ တယ်။ ဒီလိုလုပ်လိုက်မိလို့ ဒီဒေသအတွင်းက နို့နဲ့နို့ထွက်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းရဲ့ ရေသောက်မြစ်တွေ ကို ဖြတ်တောက်ပစ်လိုက်မိပြီဆိုတာ နည်းနည်းလေးမှ သဘောမပေါက်ခဲ့ကြဘူး။ ဒီလိုနည်းနဲ့ သူတို့တောင်တန်း ရေစမ်းတွေ စောစောစီးစီး ရေခမ်းစေခဲ့တယ် ဆိုတာလည်း နည်းနည်းလေးမှ နားမလည်ခဲ့ကြဘူး၊ ဒီလို ရေထိန်း သစ်တောတွေ ပြုန်းတီးစေခဲ့လို့ မိုးရာသီတွေမှာ လွင်ပြင်ရပ်ဝန်းတွေဆီ ရေတွေ ဒလဟော ဖုံးလွှမ်းသွားစေခဲ့ တယ်။ ဥရောပက အာလူးစိုက်သူတွေဟာ စကရိုဖျူလာ ရောဂါကို ဖြန့်ဖြူးနေမိမှန်း မသိခဲ့ကြဘူး။ [11] ဒါ့ ကြောင့် သဘာဝလောကကို အောင်နိုင်လိုက်တဲ့ ခြေလှမ်းတိုင်းမှာ ကျနော်တို့ လူသားတွေကို ပြန်ပြီး သတိပေး နေရတယ်၊ “တိုင်းတပါးလူထုအပေါ် စစ်နိုင်လိုက်သူလို သဘာဝလောကရဲ့ ပြင်ပမှာ ရပ်တည်နေသူလို ငါတို့လူ သားတွေက သဘာဝလောကကို အုပ်စိုးနိုင်ခြင်း မရှိဘူး၊ သွေးနဲ့သားနဲ့ ဦးနှောက်နဲ့ ငါတို့လူသားတွေဟာ သဘာဝလောက အတွင်း မှာပဲ ရှိတယ်၊ သဘာဝလောကထဲမှာပဲ ရှင်သန်ရပ်တည်ကြရတယ်၊ သဘာဝလောကကို ငါတို့ ထိန်းချုပ် ခိုင်းစေနိုင် ခြင်း ဆိုတာ သဘာဝနိယာမတွေကို ‘သေချာနားလည်ပြီး မှန်မှန်ကန်ကန် အသုံးချနိုင်စွမ်း’ရှိ လို့ တခြားသက်ရှိတွေ အားလုံးထက် ခေါင်းတလုံးပိုနေခြင်း ဖြစ်တယ်”။
တကယ်တော့ တနေ့ထက်တနေ့ ကျနော်တို့ဟာ ဒီနိယာမတွေကို ပိုပြီး မှန်မှန်ကန်ကန် နားလည်လာကြတယ်၊ သဘာဝလောကရဲ့ သမားရိုးကျ သွားနေတဲ့ လမ်းကြောင်းကို ကျနော်တို့ သွားနှောက်မိရင် လတ်တလော ဘာ တွေဖြစ်မယ်၊ ရေရှည်မှာ ဘယ်လို သက်ရောက်မှုရှိလာမယ် စတဲ့အချက်တွေကို ပိုပြီး သိလာအောင် အားထုတ် နေကြတယ်။ အထူးသဖြင့်၊ ဒီရာစု (၁၉ရာစု) နှစ်အတွင်း သဘာဝသိပ္ပံရဲ့ အံ့မခန်း တိုးတက်မှုတွေကြောင့် ကျ နော်တို့ရဲ့ သာမန် ကုန်ထုတ်လုပ်ငန်းတွေရဲ့ ရေရှည်အကျိုးဆက်တွေကို ပိုနားလည်လာပြီး ထိန်းချုပ်နိုင်ဖို့အထိ စိုင်းပြင်းလာကြပြီ။ ဒါပေမယ့် ဒီလို ကြိုးစားလာလေ၊ လူသားတွေဟာ သဘာဝလောကနဲ့ တစည်းတလုံးတည်း ဖြစ်မှုကို ပိုခံစားမိရုံသာမက၊ ပိုသိလာကြလိမ့်မယ်။ ဒါ့ကြောင့် စိတ်နဲ့ ရုပ်ကြား၊ လူနဲ့ သဘာဝကြား၊ ဝိညာဉ်နဲ့ ခ န္ဓာကြား ပဋိပက္ခပြုထားတဲ့ အဓိပ္ပါယ်မဲ့ သဘာဝနဲ့ဆန့်ကျင်ဘက် အယူအဆလည်း တည်ရှိနိုင်မှာ မဟုတ်တော့ ဘူး။ ဒီအယူအဆက စံတော်ဝင် ရှေးခေတ်လူ့အဖွဲ့အစည်း ပြိုကျပြီးတဲ့နောက် ခေါင်းထောင်လာခဲ့ရာက ခရစ်ရှန် ဘာသာရေးမှာ အမြင့်ဆုံးအဆင့်ကို ရောက်ခဲ့တယ်။
ဒါပေမယ့်လည်း ကုန်ထုတ်လုပ်ဖို့ ရည်ရွယ်လုပ်ဆောင်မှုတွေရဲ့ ရေရှည်“သဘာဝ” အကျိုးဆက်တွေကို အတိုင်း အတာတခုထိ နားလည်တွက်ချက်နိုင်ဖို့ နှစ်ထောင်ပေါင်းများစွာ လုပ်အားစိုက်ထုတ်မှု လိုအပ်ခဲ့တယ်ဆိုရင် ဒီ လုပ်ရပ်တွေရဲ့ ရေရှည် “လူမှု”အကျိုးဆက်တွေကို နားလည်ထိန်းချုပ်ဖို့ အဆမတန် ပိုခက်နေသေးတယ်။ အာ လူးစိုက်ပျိုးခြင်းနဲ့ စကရိုဖျူလာ ရောဂါပျံ့နှံ့မှု ဆက်စပ်နေပုံကို အပေါ်မှာ တင်ပြခဲ့တယ်။ ဒါပေမယ့် အလုပ်သမား တွေ အားလူးထမင်းချည်း စားရတဲ့ အနေအထားကြောင့် ဖြစ်ပေါ်လာတဲ့ တပြည်လုံးက လုပ်သားထုရဲ့ ဘဝအ ခြေအနေနဲ့ နှိုင်းစာလိုက်ရင် စကရိုဖျူလာ ရောဂါက ဘာဟုတ်သေးလဲ။ ၁၈၄၇ခုနှစ်တုန်းက အိုင်ယလန်(ဒ်) မှာ အာလူးရောဂါကပ် နောက်ဆက်တွဲဖြစ်လာတဲ့ အငတ်ဘေးကြောင့် အာလူးချည်း စားခဲ့ရတဲ့ အိုင်းရစ်(ရှ်) တ သန်း သေဆုံးခဲ့ရတယ်၊ နောက်ထပ် ၂သန်းကျော် ပြည်ပကို ပြောင်းရွှေ့သွားခဲ့ရတယ်။ ဒါတွေနှိုင်းစာလိုက်ရင် စ ကရိုဖျူလာ ရောဂါက ဘာမှ မပြောပတော့ဘူး။ အာရပ်(ဘ်)တွေ အရက်ချက်နည်းကို လေ့လာခဲ့တုန်းက ဒါဟာ (အဲဒီအချိန်တုန်းက) ရှာမတွေ့သေးတဲ့ အမေရိကတိုက်ကြီးအတွင်း မူလနေထိုင်သူတွေကို နောင်အခါ အမြစ် ဖြုတ်ပစ်မယ့် အဓိက လက်နက်တမျိုးကို ဖန်တီးနေမှန်း စိုးစဉ်းမျှ မစဉ်းစားခဲ့မိဘူး။ ဒီနောက် ကလမ်းဘတ်(စ်) က အမေရိက တိုက်ကြီးကို ရှာဖွေ တွေ့ချိန်မှာလည်း ဒါဟာ ဥရောပတိုက်အတွင်း ဖျက်သိမ်းပြီးတာ ကြာခဲ့ပြီ ဖြစ်တဲ့ ကျွန်စနစ်ကို တကျော့ပြန် အသက်သွင်းပေးနေမှန်း မသိခဲ့ဘူး၊ ဒါဟာ နီဂရိုး ကျွန်ကုန်ကူးမှုကို အခြေ တည်ပေးနေမှန်း မသိခဲ့ဘူး။ ၁၇ရာစု နဲ့ ၁၈ရာစုအတွင်းက လူသားတွေဟာ ရေနွေးငွေ့သုံး အင်ဂျင်ကို တီထွင် ဖန်တီးဖို့ လုပ်အား စိုက်ထုတ်ခဲ့ကြတယ်။ နောင်တချိန်မှာ ကမ္ဘာတလွှားက လူမှုအခြေအနေတွေကို တခြားအ ရာတွေထက် ပိုပြီး တော်လှန် ပြောင်းလဲပစ်မယ့် ကိရိယာကို ပြင်ဆင်ပေးနေမှန်း မသိခဲ့ကြဘူး။ အထူးသဖြင့် ဥ ရောပမှာ၊ လူနည်းစုရဲ့ လက်ထဲ ဓနဥစ္စာတွေ စုပြုံစေခဲ့တယ်၊ ဒီလိုနည်းနဲ့ အဲဒီ(ကုန်ထုတ်) ကိရိယာ (ဖွံ့ဖြိုးတိုး တက်မှု) ဟာ ကနဦးမှာ ဘူဇွှာလူတန်းစားကို လူမှုစီးပွားနဲ့ နိုင်ငံရေး ဦးဆောင်မှု ရစေခဲ့တယ်၊ ဒီနောက် ဘူဇွှာလူ တန်းစားနဲ့ ပစ္စည်းမဲ့လူတန်းစားကြားက လူတန်းစားတိုက်ပွဲကို ဖြစ်ပေါ်စေခဲ့တယ်၊ ဘူဇွှာလူတန်းစားကို ဖြိုချပြီး လူတန်းစား ပဋိပက္ခအားလုံးကို ဖျက်သိမ်းနိုင်မှသာ ဒီလူတန်းစားတိုက်ပွဲလည်း ပြီးဆုံးနိုင်မယ်။ ဒါပေမယ့် ဒီနယ် ပယ်မှာလည်း ကြမ်းတမ်းခက်ထန်လှတဲ့ အတွေ့အကြုံတွေကနေ၊ သမိုင်းဆိုင်ရာ အချက်အလက် စုဆောင်းခြင်း ဆန်းစစ် သုံးသပ်ခြင်းကနေ ကုန်ထုတ်လုပ်ငန်းရဲ့ တိုက်ရိုက်မဟုတ်သော ရေရှည် “လူမှု”သက်ရောက်မှုတွေကို တဖြည်းဖြည်းနဲ့ ရှင်းရှင်းလင်းလင်း နားလည်လာကြပြီ။ ဒီတော့ ဒီလူမှုသက်ရောက်မှုတွေကို ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းချုပ်နိုင်မယ့် အလားအလာတွေ ကျနော်တို့မှာ ရှိနေပြီ။
ဒီလို ပဲ့ကိုင် ထိန်းကွပ်နိုင်ဖို့ဆိုရင် သိနားလည်မှု သက်သက်နဲ့ မလုံလောက်သေးဘူး။ လက်ရှိအချိန်ထိ တည်ရှိ နေဆဲ ကုန်ထုတ်စနစ်ကို အဆုံးတိုင် တော်လှန်ပြောင်းလဲပစ်ဖို့ လိုအပ်တယ်၊ ကုန်ထုတ်စနစ်နဲ့အတူ လက်ရှိလူ မှုစနစ် တခုလုံးကိုပါ တော်လှန် ပြောင်းလဲပစ်ရလိမ့်မယ်။
ဒီကနေ့အထိ ရှိဖူးသမျှ ကုန်ထုတ်စနစ်အားလုံးဟာ လုပ်အားရဲ့ တိုက်ရိုက်အသုံးဝင်မှုနဲ့ လောလောဆယ် အသုံး တည့်မှုကိုပဲ ရည်ရွယ်ခဲ့ကြတယ်။ နောင်မှပေါ်လာမယ့် ရေရှည် အကျိုးသက်ရောက်မှုတွေ၊ တစတစ ထပ်ကျော့ ဖြစ်ပွားပြီး စုပုံလာမှ မြင်သာထင်သာ ဖြစ်လာမယ့် သက်ရောက်မှုတွေကို လုံး၀ မျက်ကွယ်ပြုထားခဲ့ကြတယ်။ သ မိုင်းဦး ဘုံမြေစနစ်ဟာ (တဖက်မှာ) လူသားရဲ့ အဲဒီခေတ် ဖွံ့ဖြိုးမှုအဆင့် အနေအထားနဲ့ ကိုက်ညီမှုရှိခဲ့တယ်။ အဲဒီဖွံ့ဖြိုးမှု အဆင့်မှာ လူသားရဲ့ မိုးကုပ်စက်ဝိုင်းကို ယေဘုယျအားဖြင့် လက်တကမ်းမှာ ရှိနေတာတွေပဲ ကန့် သတ်ထားခဲ့တယ်။ အခြားတဖက်မှာကျ ထွန်ယက်စိုက်ပျိုးလို့ရနိုင်တဲ့ မြေပိုမြေလျှံ တစုံတရာ ရှိခဲ့လိမ့်မယ်၊ တောအရိုင်းကို ခုတ်ထွင်ရှင်းလင်းပြီး စိုက်ပျိုးရေးလုပ်ကာစမို့ အထွက်နှုန်း ညံ့ဖျင်းခဲ့ရင် မြေပိုမြေလျှံ ရှိထားတဲ့ အခါ တစုံတရာ ခံသာမယ်၊ တိုးချဲ့ပြင်ဆင်နိုင်မယ်။ ဒီမြေပိုမြေလျှံတွေ အဆီအနှစ် ကုန်ခမ်းသွားချိန်မှာ ဘုံစနစ် လည်း ယိုယွင်းလာခဲ့တယ်။ ဒါပေမယ့်လည်း ဒီနောက် ပိုတိုးတက်လာတဲ့ ကုန်ထုတ်စနစ် အားလုံးဟာ လူတန်းစားတွေ ကွဲထွက်စေခဲ့တယ်၊ ဒီလိုနဲ့ အုပ်စိုးသူနဲ့ အုပ်စိုးခံ လူတန်းစားတွေကြားက ပဋိပက္ခကို မွေးဖွားပေးခဲ့တယ်။ ဒါ့ကြောင့် အုပ်စိုးသူ လူတန်းစားရဲ့ အကျိုးစီးပွားဟာ ကုန်ထုတ်လုပ်မှုရဲ့ အဓိက မောင်းနှင်အား ဖြစ်လာခဲ့တယ်၊ ကုန်ထုတ်လုပ် မှုကို အဖိနှိပ်ခံ လူထု စားဝတ်နေရေး ဖူလုံရုံလောက်ပဲ ကန့်သတ်မထားသရွေ့ မောင်နှင်အား ဖြစ်လာခဲ့တယ်။ ဒီကနေ့ (၁၉ရာစု နှောင်းပိုင်း) အနောက်ဥရောပမှာ ကြီးစိုးနေတဲ့ အရင်းရှင် ကုန်ထုတ်စ နစ်က ဒီအချက်ကို မီးကုန်ယမ်းကုန် အကောင်အထည် ဖော်နေတယ်။ ကုန်ထုတ်ခြင်း၊ ဖလှယ်ခြင်းကို အုပ်စိုးထားတဲ့ အရင်းရှင်တွေဟာ သူတို့လုပ်ရပ် တွေရဲ့ လက်ငင်း အသုံးတည့်မှုကိုသာ ခေါင်းထဲထည့်နိုင်ကြတယ်။ တကယ်တော့ (ထုတ်လုပ်လိုက်တဲ့ ဒါမှမဟုတ် ဖလှယ်လိုက်တဲ့ ရောင်းကုန်ရဲ့ အသုံးဝင်ခြင်း/မဝင်ခြင်း ကို မေးခွန်း ထုတ်မယ်ဆိုရင်) ဒီအသုံးဝင်မှု ဆိုတာလည်း နောက်တန်းကို ရောက်သွားတော့တယ်၊ ဒီရောင်းကုန် ပစ္စည်းကနေ ရလာမယ့် အမြတ်ကသာ တခုတည်းသော မောင်းနှင်အား ဖြစ်လာတယ်။
ဘူဇွှာလူတန်းစားရဲ့ လူမှုသိပ္ပံ ပညာရပ်ဖြစ်တဲ့ ကျမ်းရိုး နိုင်ငံရေး ဘောဂဗေဒဟာ ကုန်ထုတ်လုပ်ခြင်းနဲ့ ဖလှယ် ခြင်း ဆိုင်ရာ လူသား လုပ်ရပ်တွေရဲ့ တိုက်ရိုက် ရည်ရွယ်ထားသော လူမှု သက်ရောက်ချက်တွေကိုပဲ အာရုံ ထားတယ်။ ဒီလူမှုစနစ်ရဲ့ သဘောတရားရေး ဖော်ထုတ်ချက်သာဖြစ်လို့ ဒီဘောဂဗေဒနဲ့ ဒီလူမှုစနစ် လုံး၀ ကိုက် ညီမှု ရှိနေတယ်။ တသီးပုဂ္ဂလ အရင်းရှင်တွေ ကုန်ထုတ်လုပ်ခြင်းနဲ့ ဖလှယ်ခြင်းကို အမြတ်ရဖို့သက်သက်ပဲ လုပ် ကိုင်နေကြတယ်၊ ဒီအခါ မျက်စိတဆုံး လက်ငင်းရလဒ်ကိုပဲ ဦးစားပေး စဉ်းစားနိုင်တယ်။ ကုန်ထုတ်အရင်းရှင် တဦး (ဒါမှမဟုတ်) ကုန်သည်တဦးက ထုတ်ကုန် (ဝါ) တဆင့်ဝယ်ထားတဲ့ ရောင်းကုန်ကို ခါတိုင်းရနေကျ အ မြတ်ပမာဏနဲ့ ရောင်းလိုက်ရရင် သူကျေနပ်တယ်၊ ဒီနောက် သူရောင်းလိုက်တဲ့ ပစ္စည်း ဘာဆက် ဖြစ်လာမယ် (ဝါ) ဒီရောင်းကုန်ကို ဘယ်သူတွေ ဝယ်ကြတယ် ဆိုတာကို သူ စိတ်မဝင်စားတော့ဘူး။ ဒီလုပ်ရပ်တွေရဲ့ သဘာ၀ အကျိုး သက်ရောက်မှု တွေကိုလည်း စိတ်မဝင်စားတော့ဘူး။ ကျူးဘားက စပိန် မြေယာ လုပ်ငန်းရှင်ကြီးတွေက တောင် စောင်းတလျှောက် သစ်တောတွေကို မီးရှို့ဖျက်စီးပစ်ပြီး ပြာတွေကနေ အမြတ်တွေ တနင့်တပိုး ရစေမယ့် ကော်ဖီပင် “မျိုးဆက်တဆက် စာ” အတွက် လုံလောက်တဲ့ မြေသြဇာတွေ ရရှိခဲ့တယ်။ ဒီလို သစ်တောတွေ ပြုန်းတီးသွားတဲ့နောက် မိုးရေကြီးတဲ့အခါ အကာအကွယ် မဲ့သွားတဲ့ အပေါ်ယံလွှာ မြေဆီမြေနှစ်တွေကို တိုက် စားသွားခဲ့တယ်၊ မြေဆီမြေနှစ် ကင်းမဲ့သွားတဲ့ ကျောက်သားတွေသာ ကျန်ရစ်တော့တယ်၊ ဒီနောက်ဆက်တွဲ သက်ရောက်မှုတွေကို သစ်တောတွေ မီးရှို့ဖျက်စီး ပစ်ခဲ့တဲ့ အရင်းရှင်ကြီးတွေ ထည့်စဉ်းစားခဲ့သလား။ လူ့အဖွဲ့အစည်းကိုပဲဖြစ်ဖြစ်၊ သဘာဝနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ် ဒီကနေ့ ကုန်ထုတ်စနစ်ဟာ လတ်ငင်း အကျိုးစီးပွားကိုပဲ ဦးစားပေးတယ်၊ ဒီလို လက်ငင်း အကျိုးစီးပွားကို ဦးတည် လုပ်ဆောင်မှုတွေရဲ့ ရေရှည် သက်ရောက်မှုတွေက လက်ငင်းရလဒ်နဲ့ အင်မတန် ခြားနားရုံမက ဆန့်ကျင်ဘက် လက္ခဏာတောင် ဆောင်သွားတော့မှ တအံတသြ ဖြစ်ကြတယ်။ ဝယ်လိုအားနဲ့ ရောင်းလိုအားရဲ့ သဟဇာတဖြစ်မှုဟာ ဆန့်ကျင်ဘက်အဖြစ် ကူးပြောင်းသွားခဲ့ တယ်။ ဒီအချက်ကို ဆယ်နှစ်တခါ စက်မှုအရင်းရှင်စနစ် အကြပ်အတည်းက သက်သေထူခဲ့ပြီး ဖြစ်တယ်၊ ဂျာမနီတောင် ဒီအကြပ်အတည်းမှာ ပဏာမအနေနဲ့ ဝင်ခံလိုက်ရပြီးပြီ။ တဦးချင်းစီရဲ့ လုပ်အားပေါ် အခြေခံခဲ့တဲ့ ပုဂ္ဂလိက ပိုင်ဆိုင်မှုဟာ အလုပ်သမားထုရဲ့ ပိုင်ဆိုင်မှု နတ္ထိအဖြစ်ကို မလွဲမသွေ ဖွံ့ဖြိုးသွား တော့တယ်။ တချိန်တည်းမှာပဲ ဓနဥစ္စာမှန်သမျှဟာ လုပ်အားစိုက်ထုတ်ခြင်း မရှိသူတွေလက်ထဲ စုပြုံပြီးရင်း စုပြုံသွား ခဲ့တယ် …[12]
Frederick Engels နှစ်(၂၀၀)ပြည့်မွေးနေ့ကို တလေးတစား ဂုဏ်ပြုသောအားဖြင့် အန်းဂယ်(စ်) ပြီးဆုံးသည်အထိ ရေးမသွားခဲ့ရသော Dialectics of Nature ကျမ်းထဲမှ ဆောင်းပါးကို ဘာသာပြန် တင်ဆက် ပေးခြင်း ဖြစ်ပါသည်။
မှတ်စုများ။
(1)ဒါဟာ မဖြစ်နိုင်လောက်ဘူး။ အန်းဂယ်(စ်)ရည်ညွှန်းခဲ့တဲ့ ဒေသမှာ အိန္ဒိယသမုဒ္ဒရာ တလျှောက်မှာ ကျယ်ပြန့် လှတဲ့ ကုန်းမြေကျောတခုကို တွေ့ထားကြတယ်။ ဒါပေမယ့် ဒါက သမုဒ္ဒရာကြမ်းပြင်အောက် တိမ်မြှုပ်သွားခဲ့တဲ့ တိုက်ကြီးတတိုက် ဖြစ်ခဲ့တယ်ဆိုရင် ကျနော်တို့ဘိုးဘေးတွေ မပေါ်ထွန်းခင်ကတည်းက နှစ်မြှုပ်သွားတာပဲ ဖြစ်ဖို့ များတယ်။
2. ဒီဖြစ်စဉ်ကို အလယ်ပိုင်းအာရှိတိုက်အတွင်းက သစ်တောတွေ ပြုန်းတီးမှုကြောင့် ပိုမြန်စေခဲ့လိမ့်မယ်။ ဒီအခါ ကျနော်တို့ ဘိုးဘေးတွေအဖို့ (ပြေးလွှား) အမဲလိုက်အသက်မွေးရမယ့် အခြေအနေကို ရောက်လာခဲ့တော့တယ်။
3.ချင်ပန်ဇီးတွေဟာ တချို့လုပ်ငန်းတွေကို သူတို့ဘာသာ အကောင်အထည် ဖော်နိုင်ကြတယ်။
4. ဒီဆက်နွှယ်မှုကို အခုအခါမှာ ဥပမာအနည်းငယ်နဲ့ ရှင်းပြနိုင်တယ်။ ကြက်သွန်အဖြူတွေဟာ အရောင်ရှိတဲ့ ကြက်သွန်တွေထက် ပိုပြီးမှိုတက်လွယ်တယ်။ အကြောင်းကတော့ ကြက်သွန်ဖြူတွေမှာ ပိုးသတ်နိုင်တဲ့ ပစ္စည်းနဲ့ အရောင်ထွက်ပစ္စည်း ကင်းမဲ့နေလို့။ ဒီပိုးသတ်နိုင်တဲ့ပစ္စည်းက အရောင်ထုတ်လုပ်ရာမှာ လိုအပ်တဲ့ အစိတ်အ ပိုင်းတခုဖြစ်တယ်။
5. ဒါကတော့ အငြင်းပွားစရာပဲ။ လူတွေခွဲခြားနိုင်တဲ့ အနံ့တွေကို ခွေးကမခွဲနိုင်တာ ရှိသလို ခွေးတွေခွဲခြားနိုင် တဲ့ အနံ့တွေကိုလည်း လူတွေ မခွဲခြားနိုင်တာလည်း ရှိတယ်။
6. ဒီနယ်ပယ်မှာ ဆရာတဆူဖြစ်တဲ့ Sir W. Thomson က အပင်နဲ့ တိရစ္ဆာန်တွေ ရှင်သန်နိုင်လောက်အောင် ကမ္ဘာကြီး အပူချိန်လျော့ကျ သွားကတည်းကဆိုရင် နှစ်ပေါင်းသန်းတရာကျော်* ကြာခဲ့လောက်ပြီ။ [Note by F. Engels.] * ရေဒီယိုသတ္တိကို ရှာဖွေတွေ့ရှိလာရာက ဒီသက်တမ်းကို အခုထက်ပိုကြာမှန်း သိခဲ့တယ်၊ တကယ်က နှစ်သန်းပေါင်း ၁၅၀၀ လောက်ရှိပြီ။
7. အီဗလူးရှင်းက ဒီဖြစ်စဉ်ရဲ့ ရလဒ် ဟုတ်ပါ့မလား။
8. အန်းဂယ်(စ်)ရဲ့ အသားငါးအစားအသောက်ဆိုင်ရာ ယူဆချက်ကို ဇီဝဓာတုဗေဒ လေ့လာသူ အားလုံးက တော့ သဘောမတူကြဘူး။ သက်သက်လွတ်သမား ဆိုသူ အများစုက နို့ (ဒါမှမဟုတ်) နို့ထွက်ပစ္စည်းတွေကို စားသုံးကြတယ် ဆိုတာတော့ မေ့ထားလို့မရဘူး။
9. ကျောက်ခေတ်နည်းပညာကို လေ့လာချက်တခုအရ လူ့သမိုင်း ရှေ့မဆက်ဘဲ တန့်နေတဲ့ ကာလတွေဟာ မျိုးဆက် ပေါင်း ရာချီကြာမြင့်ခဲ့တယ်။ တကယ်တော့ လူသား အီဗလူး ရှင်း ဖြစ်စဉ်ဟာ အန်းဂယ်(စ်) (ဒါမှမဟုတ် သူနဲ့ ခေတ်ပြိုင် သိပ္ပံပညာရှင်တွေ) ထင်ခဲ့တာထက် ပိုကြာခဲ့တယ်။
10. ဒီကနေ့ခေတ်မှာတော့ တော်တော်များများကို တိတိပပ သိလာကြပြီ။
11. အန်းဂယ်(စ်) ရေးခဲ့တဲ့ ကာလတုန်းက ဆေးပညာအသိုင်းအဝိုင်းမှာ စကရိုဖျူလာ (လည်ပင်း အကျိတ် တီ ဘီ ရောဂါ) က အာလူးစားလို့ ဖြစ်တယ် ထင်ခဲ့ကြတယ်။ အာလူးပဲ အဓိက စားရတဲ့ အာဟာရချို့တဲ့သူတွေမှာ ဖြစ်ပွားတဲ့ ရောဂါမို့ ဒီနှစ်ခုကြား ဆက်နွှယ်မှုတော့ ရှိတယ်။ ဒါပေမယ့် ဒီရောဂါက အာလူးစားလို့ ဖြစ်ရတယ်ဆိုတဲ့ သက်သေ တော့ မရှိဘူး။
12. စာမူက ဒီနားမှာတင် ပြတ်တောက်သွားပါတယ်၊ အန်းဂယ်(စ်) ဒီစာကို အဆုံးထိ ရေးမသွားခဲ့ရပါဘူး။
လင်းလက် (ဘာသာပြန်သည်)